#Local_News
Published_4 July 2025

▪️ နိုင်ငံတကာမူပိုင်ခွင့်စနစ်ကျင့်သုံးမှု အားသာချက်၊ အားနည်းချက်နှင့် ရှေ့လုပ်ငန်းများဖော်ထုတ်ရေး ရည်ရွယ်၍ နိုင်ငံတကာ မူပိုင်ခွင့် ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

▪️ ယမန်နေ့ဇူလိုင်လ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ကျင်းပသော နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ ၂၀၂၅ (International Conference on Intellectual Property 2025) သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ယင်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားမှုသည် ကဏ္ဍအလိုက်ဆန်းသစ်တီထွင် ဖန်တီးနိုင်မှု၊ နိုင်ငံအတွင်းရှိအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်စီးဆင်းမှုများပြားလာမှုစသည့်အချက်များအပေါ်တွင်မူတည်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံခြားကုန်သွယ်မှု၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် မူပိုင်ခွင့်ကိစ္စသည် ပိုမိုကျယ်ပြန့်လာပြီး မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ခိုင်မာတောင့်တင်းသည့် မူပိုင်ခွင့်စနစ်တည်ရှိနေခြင်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးတို့အတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း မူပိုင်ခွင့်ကဏ္ဍနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ၏ မူပိုင်ခွင့်စနစ် ကျင့်သုံးနေမှု အခြေအနေ၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့နိုင်ငံတကာမူပိုင်ခွင့် ညီလာခံကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

▪️ ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ မြင့်မားတိုးတက်စေရန်၊ ဆန်းသစ်တီထွင်မှု၊ ဖန်တီးနိုင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ကို မြှင့်တင်ပေးရန်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့ သည်လည်း ညီလာခံ၏ ရည်ရွယ်ချက်များပင်ဖြစ်ကြောင်း၊ ယခုညီလာခံကြီးကို “မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့် ဂေဟစနစ်ကို အားကောင်းစေရန်” ဆိုသည့် ဦးတည်ချက်ဖြင့် ဆွေးနွေးသွားကြရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပုဒ်မ ၃၇(ဂ)တွင် “နိုင် ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၇၂ တွင်လည်း “ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်ကအာမခံသည်” ဟုလည်း ပြဋ္ဌာန်းထားကြောင်း နစက ဥက္ကဌက ပြောသည်။

▪️ ထို့ကြောင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် တီထွင်ဖန်တီးမှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်စေရန် အတွက် မူပိုင်ခွင့်ဥပဒေ(၄)မျိုးဖြစ်သည့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်အတွင်း၌ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ်ထဲတွင်လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း အာဏာတည် ခဲ့ပြီး အထူးဥပဒေ (Special Law) များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

▪️ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)နှင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ (WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သည့် ကုန်သွယ်မှု (Trade Related Aspect of Intellectual Property Rights TRIPS Agreement)ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူအာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ် သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ ညီ ချက် (ASEAN Framework Agreement on Intellectual Property Co-operation) ကိုလည်း ပါဝင် ဆောင် ရွက်ရန် လိုအပ်မည် ဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC)တွင်ပါရှိသည့် အာဆီယံဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြားသောဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံတွေနည်းတူ မူပိုင်ခွင့်ကိစ္စများတွင် လိုက်နာကျင့်သုံး အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း သိရသည်။

▪️ နိုင်ငံတော်အနေဖြင့် ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ဒေသ တွင်းနိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသား အဆင့်ဘက်စုံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP)ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း ယင်းကပြောသည်။

▪️ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံမှတစ်ဆင့်ရရှိလာမည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်ကောင်းများနှင့် လေ့လာတွေ့ရှိချက်များကို စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ် တစ်ရပ်ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားတစ်ရပ်အဖြစ် အသုံးချသွားကြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက် တာဝန်ခံဝန်ကြီးဌာန နှင့် ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

▪️ အဆိုပါ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ - ၂၀၂၅ (International Conference on Intellectual Property - 2025)ကို ဇူလိုင်လ ၃ ရက် နှင့် ယနေ့ ဇူလိုင် ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီးပြည်တွင်းပြည်ပမှ စာတမ်းရှင်များ က သက်ဆိုင် ရာ ခေါင်းစဉ်များအလိုက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

#Yangon_Times/PP