#Local_News
Published 2 July   2025

▪️ မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Live Show အစီအစဉ်အဖြစ် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ အစဉ်အလာကြီးမားသည့် မန္တလေးတက္ကသိုလ်ကြီးမှ ပညာရှင်များ၊ ထူးချွန်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ စသည့်ထူးချွန်ပုဂ္ဂိုလ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ရာ “မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်းအမှတ်” ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။  

▪️ မန္တလေးတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်သကဲ့သို့ မန္တလေးမြို့မ တူရိယာအသင်းကြီးကလည်း ရာပြည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂုဏ်ယူစွာတီးခတ်ဖျော်ဖြေပေးမည်ဖြစ်သည်။

▪️ ထို့အပြင်  နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိ ချွန်၊ မစံပယ်တို့နှင့်အတူ မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း (မြို့မ)၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး) တို့ကလည်း မန္တလေးတက္ကသိုလ်၏ အနှစ်သာရများကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times