#Local_News
Published 13 June 2025
▪️ မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့်ငလျင်ဘေးကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ၂.၅ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားသည်။
▪️ ကမ္ဘာ့ဘဏ်၏ ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံအနေဖြင့် ငလျင်ဒဏ်အကျိုးသက် ရောက်မှုကို ဆိုးရွားစွာခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများသည် နောက်ဆက်တွဲရိုက်ခက်မှုများကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေရ ကြောင်း၊ ပြည်တွင်းပဋိပက္ခ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ကုန်သွယ်ရေး နှင့် နိုင်ငံခြားငွေလဲနှုန်းကန့်သတ်ချက် အစရှိသော လတ်တလောစိန်ခေါ်မှု ကြီးများဖြစ် ပေါ်နေစဉ် ငလျင်ဘေးနောက်ဆက်တွဲသက် ရောက်မှုများ ကြောင့်လည်း စီးပွားရေးဂယက်များ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
▪️ ထိုငလျင်ဘေးအကျိုးဆက်များကြောင့် လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း-GDP သည် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားမည် ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တိုက်ရိုက်ထိခိုက်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ ရှိနိုင်သည်ဟု ခန့်မှန်းထားရာ၎င်းမှာ မြန်မာ့ GDP ၏ ၁၄ ရာခိုင်နှုန်း နှင့် ညီမျှကြောင်း၊ ငလျင်ဘေးကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော် စသည့်ဒေသများ၌ နေထိုင်ကြသည့် ပြည်သူ ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်မှာ အတိဒုက္ခရောက်ခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
▪️ ထို့ပြင် ငလျင်ကြောင့် လက်ရှိဘဏ္ဍာနှစ် စီးပွားရေးထုတ်လုပ်မှုပမာဏသည် ယခင်က ထက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းမည်ဟု မျှော်မှန်းထားပြီး မန္တလေးနှင့် နေပြည်တော်တို့တွင် ဧပြီလနှင့် စက်တင်ဘာလအကြား ကာလအတွင်း စီးပွားရေးထုတ်လုပ်မှုပမာဏ၏ သုံးပုံတစ်ပုံခန့် ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာဖော်ပြချက် အရ သိရသည်။
#YMG/SW #Yangon_Times