၁၈ ဇူလိုင် ၂၀၂၅
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဇူလိုင်၁၈ရက်နံနက်ပိုင်းတွင် ရန်ကုန်ရှိ အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် အာဇာ နည်ကြီးများ ကျဆုံးခဲ့ရသည့် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းမှုများကို သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ရောက်ရှိစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က ဗိုလ်ချုပ် အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်သွားရန်၊ အဆောက်အဦအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်းဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးစနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့်ပုံများဖြစ် အောင်ဆောင်ရွက်သွားရန် တာဝန်ရှိ သူတွေကို မှာကြားခဲ့ပါတယ်။
ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)အဆောက်အဦ သို့ရောက်ရှိသည့်အခါတွင် နိုင်ငံတော်ဝန်ကြီးချုပ်ကသမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့် ဓာတ်ပုံများနှင့်စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများ အသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိအောင်ဆောင်ရွက်ပြီး ခင်းကျင်းပြသသွားရန်၊ဓာတ်ပုံများ၊ အသုံး အဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျ မှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေးဆောင်ရွက်သွားရန်မှာကြားပါတယ်။
ယင်းအပြင် အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်၊ သမိုင်းအထောက် အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အဦ သည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲ နေစေရေး ပြုပြင်ထိန်းသိမ်းမှုများကိုမူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားရန်၊အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေသနပြု ဆောင်ရွက်သွားရန်တို့ကိုလည်း ဆက်လက်မှာကြားခဲ့တယ် လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့ သည့် အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခု ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်းသိရပါတယ်။
ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အဦသည်လည်း သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်ကာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နံနက်တွင် ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ ထိုအဆောက်အဦ၌ အစည်းဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရပါတယ်။ ထိုနေ့ကို မြန်မာနိုင်ငံ၌ အာဇာနည်နေ့ အဖြစ်သတ်မှတ် ခဲ့ပါတယ်။
#ymg/knl