#World_Health
Published 21 April 2026

■ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အချိုးအစားလှချင်သူတွေကြားမှာ အသားဓာတ် (Protein) များများစားတာနဲ့ ဖြည့်စွက်စာ (Supplements) တွေ သောက်တာ တော်တော်လေး ခေတ်စားလာပါတယ်။

■ ပရိုတင်းက ကြွက်သားတွေ ကြီးထွားဖို့နဲ့ ပြန်လည်အားဖြည့်ဖို့ အရေးကြီးပေမဲ့ အလွန်အကျွံ စားသုံးမိရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

■ ခန္ဓာကိုယ်ထဲရောက်လာတဲ့ ပရိုတင်းတွေကို အသုံးပြုနိုင်အောင် ဖြိုခွဲပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာက အသည်းဖြစ်လို့ အသည်းကျန်းမာနေဖို့က အရမ်းအရေးကြီးပါတယ်။

■ သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကိုယ်အလေးချိန် ၁ ကီလိုဂရမ်မှာ ပရိုတင်း ၁ ဂရမ်ကနေ ၁.၅ ဂရမ်လောက် စားပေးရင် လုံလောက်ပါပြီ။ လိုအပ်လို့ ဖြည့်စွက်စာတွေ (ဥပမာ - နာမည်ကြီး Whey protein သို့မဟုတ် Creatine) သောက်မယ်ဆိုရင်တောင် အလွန်အကျွံ မသောက်ဖို့နဲ့ အရည်အသွေးမမီတဲ့ အတုအပတွေကို သတိထားဖို့ လိုပါတယ်။

■ အထူးသဖြင့် အသည်းရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် လုံးဝမသောက်သင့်ပါဘူး။

■ ပရိုတင်းစားတာ များသွားရင်ဖြစ်ဖြစ်၊ မသင့်တော်တဲ့ ဖြည့်စွက်စာတွေ သောက်မိရင်ဖြစ်ဖြစ် အသည်းကို ဝန်ပိစေပါတယ်။

■ အကြောင်းရင်းမရှိဘဲ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာ၊ အစားအသောက်ပျက်တာ၊ အသားဝါ ဒါမှမဟုတ် မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာနဲ့ ဗိုက်အောင့် ဗိုက်ကယ်တာတွေ ဖြစ်လာပြီဆိုရင်တော့ အသည်းမှာ ပြဿနာရှိနေပြီလို့ သတိထားရပါမယ်။ အဲဒီလို လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

■ အကောင်းဆုံးကတော့ ပရိုတင်းမှုန့်တွေကိုချည်းပဲ အားမကိုးဘဲ ဥအမျိုးမျိုး၊ ငါး၊ ကြက်သား၊ ပဲ စတဲ့ သဘာဝအစားအစာတွေကနေ လိုအပ်တဲ့ အသားဓာတ်ကို အဓိကထား ရယူသင့်ပါတယ်။

■ ဒါ့အပြင် ရေများများသောက်ဖို့၊ ဖြည့်စွက်စာတွေဝယ်ရင် တံဆိပ်နဲ့ ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးဖို့နဲ့ ရေရှည်သောက်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ ကြံ့ခိုင်ရေးရည်မှန်းချက်ကိုရော အသည်းကျန်းမာရေးကိုပါ တစ်ပြိုင်နက်တည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

Source NDTV