ဟောင်ကောင်မှ နယူးဒေလီပျံသန်းသည့် အဲအိန္ဒိယ ဘိုအင်း787-8 နောက်ထပ် လေယာဉ်တစ်စင်း နည်းပညာပြဿနာကြောင့် ဟောင်ကောင်တွင် ပြန်ဆင်းသက်ခဲ့ရ
၁၆ ဇွန် ၂၀၂၅
နယူးဒေလီ- ဟောင်ကောင်မှ နယူးဒေလီသို့ ဇွန် ၁၆ ရက် တနင်္လာနေ့က ပျံသန်းသည့် အိန္ဒိယ လေကြောင်း(အဲအိန္ဒိယ) ဘိုအင်း 787-8 လေယာဉ်သည် လေဆိပ်မှပျံတက်ပြီးသိပ်မကြာ နည်းပညာ ပြဿနာတစ်ခုရှိသည်ဟု သံသယရှိသဖြင့် လေယာဉ်မှူးက ဟောင်ကောင်သို့ ပြန်လှည့်ခဲ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တြ့ အပတ်က လန်ဒန်သို့ပျံသန်းရန် လေဆိပ်မှအတက်ပျက်ကျခဲ့သည့် အဲအိန္ဒိယ လေယာဉ် သည်လည်း အဆိုပါ အမျိုးအစား ဘိုအင်း လေယာဉ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က လေယာဉ် ပျက်ကျမှုကြောင့် ခရီးသည် ၂၄၂ ဦးအနက် ၂၄၁ ဦးသေဆုံးခဲ့ရပါတယ်။
တနင်္လာနေ့က လေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ရာတွင် အဲအိန္ဒိယလေကြောင်းခရီးစဉ်အမှတ် AI 315 သည် နည်းပညာပိုင်းပြဿနာတစ်ခုကြောင့် ဟောင်ကောင်သို့ ပြန်လှည့်ခဲ့ရကြောင်း ဖော်ပြခဲ့ပါ တယ်။ ဒါပေမယ့် ဘယ်လိုပြဿနာဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ပြန်လှည့်ခဲ့တဲ့ လေယာဉ်ဟာ ဟောင်ကောင်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်ခဲ့ပြီး စစ်ဆေးမှု တွေပြုလုပ်ခဲ့ပါတယ်။
လေကြောင်းထိန်းချုပ်ရေးများကို စောင့်ကြည့်နေတဲ့ LiveATC.net ဝက်ဘ်ဆိုက်မှာ လေယာဉ်မှူးနှင့် သတင်းပို့သံကို ဖော်ပြခဲ့ပါတယ်။ လေယာဉ်ပျံတက်ပြီး ၁၅ မိနစ်ခန့်အကြာမှာလေကြောင်းထိန်း မျှော်စင်ကို ဆက်သွယ်ပြောဆိုခဲ့တဲ့ လေယာဉ်မှူးက “ နည်းပညာအခြေအနေကြောင့် ကျွန်တော်တို့ ဟောင်ကောင်နှင့်နီးနီးမှာပဲ နေပါမယ်။ ဘာပြဿနာဆိုတာ သိရတာနှင့် ကျွန်တော်တို့ လေယာဉ်ကို ပြန်လှည့်ပြီး ဟောင်ကောင်လေဆိပ်မှာ ပြန်လည်ဆင်းသက်ပါမယ်” လို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပြန်မလှည့်ခင် လေယာဉ်မှူးက “ ကျွန်တော်တို့ ရှေ့ဆက်ပြီး မပျံချင်တော့ဘူး” လို့ ပြောခဲ့ပါတယ်။
အဆိုပါလေယာဉ်ဟာ မွန်းလွဲ၁နာရီ ၁၅ မိနစ်ခန့်မှာ ဟောင်ကောင် နိုင်ငံတကာလေဆိပ်ကို ချောမောစွာ ဆင်းသက်နိုင်ခဲ့ပါတယ် လို့ ဟောင်ကောင်လေဆိပ်မှ ပြောရေးဆိုခွင့်ရသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ယင်းလေယာဉ်ဟာ ဟောင်ကောင်လေဆိပ်မှ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်မှာ ပျံတက်ခဲ့ပြီး အမြင့်ပေး ၂၂၀၀၀ ခန့်အရောက်မှာ လေယာဉ်နိမ့်ဆင်းလာတာတွေ့ရတယ်လို့ လေယာဉ်တွေပျံသန်းမှု ခြေရာခံ လိုက်နေတဲ့ AirNav Radar ဝက်ဘ်ဆိုက်ကပြောပါတယ်။ အဲဒီလေယာဉ်ဟာ ၇ နှစ်သက်တမ်းရှိပြီ ဖြစ်ပါတယ်။
Source Reuters