အောက်တိုဘာ ၁၉ (ရိုက်တာ) - ဒါကာလေဆိပ်ရှိ သွင်းကုန်သိုလှောင်ရုံစုတွင် ကြီးမားသော မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အဓိက အထည်ချုပ်တင်ပို့ရောင်းချသူများ ပိုင်ဆိုင်သော ကုန်ပစ္စည်းများနှင့် ကုန်ကြမ်း ပစ္စည်းများ ကြီးမားစွာပျက်စီးခဲ့ပြီး ဆုံးရှုံးမှုများနှင့် ကုန်သွယ်မှုအပေါ်ထိခိုက်မှုများမှာ ဒေါ်လာ သန်းပေါင်း များစွာအထိရှိနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းအကြီးအကဲများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မီးလောင်မှုသည် စနေနေ့ မွန်းလွဲပိုင်းတွင် လေဆိပ်၏ ကုန်ရွာ (cargo village) ရှိ သွင်းကုန်ဌာနတွင် စတင်ဖြစ်ပွားခဲ့ပြီး လေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားခဲ့ရသည်။ တနင်္ဂနွေနေ့တွင် မီးသတ် သမားများနှင့် လေဆိပ်အရာရှိများက ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနေစဉ်၊ မီးလောင်ကျွမ်းထားသော အဆောက်အအုံ အပျက်အစီးများကြားမှ မီးခိုးများ ဆက်လက်ထွက်နေဆဲဖြစ်သည်။ မီးလောင်မှုကြောင့် သွင်းကုန်ကုန်ကြမ်းများ၊ တင်ပို့ရန်အသင့် အထည်အလိပ်များနှင့် ကုန်ပစ္စည်းနမူနာများ သိုလှောင်ထား သည့် နေရာများ လောင်ကျွမ်းခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေါ်လာ ၄၇ ဘီလီယံ တန်ဖိုးရှိ အထည်ချုပ်လုပ်ငန်းအတွက် မရှိမဖြစ် အရာများ ဖြစ်သည်။
"ဒီဖြစ်ရပ်က နိုင်ငံရဲ့ ပို့ကုန် ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်၊ အထူးသဖြင့် အထည် ချုပ်ကဏ္ဍကိုဖြစ်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူ များအသင်း (BGMEA) ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ အီနာမူလ် ဟတ်ခန်က ပြောကြားခဲ့သည်။
"တန်ဖိုးကြီး ကုန်ပစ္စည်းတွေနဲ့ အရေးပေါ် လေကြောင်း တင်ပို့ရမယ့် ပစ္စည်းတွေ ပျက်စီးသွားခဲ့တယ်။ အဲ့ဒီ ထဲမှာ တင်ပို့ဖို့ ပြင်ဆင်ထားတဲ့ အထည်တွေ၊ ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတွေနဲ့ အရေးအကြီးဆုံးကတော့ ကုန်ပစ္စည်း နမူနာတွေ ပါဝင်ပါတယ်"ဟုသူကပြောသည်။
ကုန်ပစ္စည်းနမူနာများ ဆုံးရှုံးခြင်းသည် အနာဂတ် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သူက သတိ ပေးခဲ့သည်။ "ဒီနမူနာတွေက ဝယ်လက်အသစ်တွေ ရရှိဖို့နဲ့ အော်ဒါတွေ တိုးချဲ့ရရှိဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါတွေကို ဆုံးရှုံးလိုက်ရတာဟာ ကျွန်တော်တို့ အသင်းသားတွေ အနာဂတ် အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ သဘောပါပဲ" ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။
လေဆိပ်ကုန်ရွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အလုပ်အများဆုံး ကုန်စည်ပို့ဆောင်ရေး ဗဟိုချက် (logistics hub) တစ်ခုဖြစ်ပြီး၊ နေ့စဉ် ခြောက်သွေ့ကုန် (dry cargo) မက်ထရစ်တန် ၆၀၀ ကျော်ကို ကိုင်တွယ်ဆောင်ရွက်ပေးနေသည်။ ဤပမာဏသည် အလုပ်အများဆုံး ရာသီဖြစ်သော အောက်တိုဘာမှ ဒီဇင်ဘာလအတွင်းတွင် နှစ်ဆအထိ တိုးလာလေ့ရှိသည်။
"နေ့စဉ် စက်ရုံ ၂၀၀ ကနေ ၂၅၀ လောက်က သူတို့ရဲ့ ကုန်ပစ္စည်းတွေကို လေကြောင်းကနေ ပို့ကြတယ်" ဟု ခန် က ပြောသည်။ "ဒီလို ပမာဏနဲ့ ကြည့်ရင် ငွေကြေးဆိုင်ရာ ထိခိုက်မှုက သိသာထင်ရှားပါတယ်"
မီးလောင်မှု၏ အကြောင်းရင်းကိုမူ မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်လျက်ရှိသည်။
ဤဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုသီတင်းပတ်အတွင်း သတင်းများတွင်ပါရှိသည့် တတိယမြောက် ကြီးမားသော မီးလောင်မှု ဖြစ်သည်။ အင်္ဂါနေ့က ဒါကာမြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုနှင့် ယင်းနှင့်ကပ်လျက် ဓာတုပစ္စည်း သိုလှောင်ရုံတစ်ခုတွင် မီးလောင်မှုကြောင့် လူ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့သည်။ ကြာသပတေးနေ့တွင်လည်း ဆစ်တကောင်းမြို့ရှိ ပို့ကုန်ထုတ်လုပ်ရေးဇုန် (export processing zone) တစ်ခုတွင် ခုနစ်ထပ်မြင့် အထည်ချုပ်စက်ရုံ အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး အဝတ်အထည်တင်ပို့သည့်နိုင်ငံ ဖြစ်သည်။ Walmart၊ H&M နှင့် Gap ကဲ့သို့သော အဓိက ကမ္ဘာလုံးဆိုင်ရာ လက်လီရောင်းချသူများသို့ ကုန်ပစ္စည်းများ တင်သွင်းနေသည့် ဤကဏ္ဍသည် အလုပ်သမား ၄ သန်းခန့်ကို အလုပ်အကိုင် ပေးထားပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ခန့် ရှာဖွေပေးလျက်ရှိရာ ယင်းသည် နိုင်ငံဂျီဒီပီ (GDP)
၏ ဆယ်ပုံတစ်ပုံကျော်နှင့် ညီမျှသည်။
ပို့ကုန်ရာသီ အထွတ်အထိပ်ကာလအတွင်း ဖြစ်ပွားခဲ့သော ဤမီးလောင်မှုသည် ကုန်ပစ္စည်း တင်ပို့ မှုများကို နှောင့်နှေးစေပြီး နိုင်ငံတကာ ကုန်ပစ္စည်းပေးပို့ရမည့် နောက်ဆုံးသတ်မှတ်ရက်များ အချိန်မီ စေရေးတွင် ထပ်လောင်း စိန်ခေါ်မှုများ ဖြစ်စေနိုင်ဖွယ်ရှိသည်။