၂၀ ဇူလိုင် ၂၀၂၅
ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။
ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။
မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။
ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ် သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။
မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။
မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။
ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။
မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။
Source: nypost.com