#World_News
Publilshed 1 September 2023
တောင်အာဖရိကနိုင်ငံ ဂျိုဟန်စ်ဘတ်စ်မြို့ရှိ ယိုယွင်းနေတဲ့ ၅ ထပ်တိုက်တစ်ခုမှာ မီးလောင်ကျွမ်းခဲ့သဖြင့် လူ ၇၀ ကျော် ညတွင်းချင်း သေဆုံးခဲ့ပါတယ်။
ဆင်းရဲတွင်းနက်နေပြီး အိုးမဲ့အိမ်မဲ့များပြားနေတဲ့ ဒီမြို့မှာ အဆိုးရွားဆုံးကပ်ဘေးတွေထဲက တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးတွေ ကြာသပတေးနေ့ ရောက်လာတဲ့အချိန်မှာ တိုက်က မီးလှိုက်စားပြီးခဲ့ပြီဖြစ်ပြီး မီးခိုးကြပ်ခိုးတွေ စွဲကပ်နေပြီ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးတွေက အနီးနားရှိ လမ်းတစ်လမ်းမှာ အလောင်းတွေကို စောင်တွေနဲ့ အုပ်ထားကြတာ တွေ့ရပါတယ်။
ထိုအဆောက်အအုံကို ပိုင်တဲ့ မြူနီီစီပယ်အာဏာပိုင်တွေက မီးလောင်ကျွမ်းပြီး ၁၂ နာရီကျော်ကြာတဲ့ အချိန်အထိ ထိုတိုက်မှာ နေထိုင်တဲ့သူတွေကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သေးပါဘူး။
အချို့အခန်းတွေကို ဒုစရိုက်ဂိုဏ်းတွေက ဝင်စီးထားတာဖြစ်တယ်လို့ အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။
''လူတစ်ယောက် ၄ လွှာပြတင်းပေါက်ကနေ ခုန်ချပြီး ပွဲချင်းပြီးသေဆုံးသွားတာ မြင်လိုက်ရပါတယ်'' လို့ ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူ အိုမာအာရာဖတ်က မီးထဲကနေ လွတ်မြောက်ရန်ကြိုးစားရင်း ညီမတစ်ဦးကို ဆုံးရှုံးခဲ့ရသလို နောက်တစ်ဦးကတော့ ဆေးရုံရောက်ရှိနေကာ ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးလိုက်ရတယ်လို့ ပြောပြသွားပါတယ်။
မှုခင်းဆေးပညာရောဂါဌာနမှ အရာရှိ ထမ်ဘယ်လေထူပါလာဇာက အလောင်း ၇၄ လောင်းရရှိခဲ့ကာ ၁၄ ဦးက ကလေးတွေဖြစ်ပြီး ၂၄ ဦးက အမျိုးသမီးတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူ ၅၀ ကျော်ကို ကုသပေးနေတယ်လို့ အာဏာပိုင်များက ဆိုပါတယ်။
ဒီဖြစ်ရပ်ဆိုးမှာ မိသားစုဝင်များ ဆုံးရှုံးလိုက်ရသူတွေအတွက် အလွန်ကြေကွဲဝမ်းနည်းမိကြောင်း၊ ဒီလိုဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်ပွားစေရန် စုံစမ်းစစ်ဆေးနိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ဆယ်ရဲလ်ရာမာဖိုဆာက တီဗီရုပ်သံမှ ပြောကြားလိုက်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရာမာဖိုဆာက ညနေပိုင်းမှာ သွားရောက်ကြည့်ရှုခဲ့ရာ မိသားစုဝင်များ ဆုံးရှုံးလိုက်ရသူများက အော်ဟစ်ငိုကြွေးခဲ့ကြပါတယ်။
မြို့တွင်းက အိမ် အဆောက်အအုံတွေရဲ့ အခြေအနေကို စတင်ဖြေရှင်းသင့်ပြီလို့ နိုးဆွသလိုဖြစ်နေကြောင်းး သမ္မတက ပြောပြသွားပါတယ်။
ယိုဟန်စ်ဘာ့ဂ်မြို့ဟာ ကမ္ဘာပေါ်က ဆင်းရဲချမ်းသာ အကွာဟဆုံးမြို့တွေထဲက တစ်ခုဖြစ်နေသေးပြီး လူအများအပြားဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင်မဲ့ခြင်း၊ အိမ်ခြေပြဿနာရှိခြင်းတို့ ကြုံတွေ့နေကြရပါတယ်။
ယိုဟန်စ်ဘာ့ဂ်မြို့က အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ အိမ်ခြေမီးလောင်မှုများ မကြာခဏ ဖြစ်ပွားနေပါတယ်။
#World_News #အဆိုးရွားဆုံးမီးလောင်မှု #ဂျိုဟန်ဘတ်စ် #လူ၇၀ကျော်သေဆုံး
Source: Reuters
- Category: World
- Hits: 85
#World_Health
Published 1 Sept 2023
လေထုညစ်ညမ်းမှုက ကမ္ဘာတဝှမ်းမှ လူတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းကို ၂.၃ နှစ်အထိ လျော့စေလျက်ရှိပြီး လူသားတွေရဲ့ ပျမ်းမျှသက်တမ်းကို အခြိမ်းခြောက်နိုင်ဆုံး ပြင်ပအန္တရာယ် ဖြစ်လာကြောင်း Air Quality Life Index မှာ ဖော်ပြခဲ့ပါတယ်။
မသန့်ရှင်းသောလေ ရှူရှိုက်မိခြင်းရဲ့ အကျိုးဆက်တွေကို ဆေးလိပ်သောက်ခြင်းနဲ့ နှိုင်းယှဥ်ကြည့်ရာမှာ ပျက်စီးထိခိုက်မှုက ၃ ဆလောက်ပိုများနေပြီး မတော်တဆဖြစ်မှုများထက် ၅ ဆလောက် ပိုများနေပါတယ်။
၂၀၂၁ တွေ့ရှိချက်အရ အမေရိကန်ရှိ လေထုညစ်ညမ်းမှုအများဆုံး ခရိုင် ၃၀ ထဲက ၂၀ ဟာ ကယ်လီဖိုးနီးယားမှာရှိကာ ဒီလိုအမှုန်တွေကို ရှူရှိုက်ခြင်းကြောင့် ဦးနှောက်နဲ့ အဆုတ်တို့မှာ ကျန်းမာရေးထိခိုက်လာပါတယ်။
WHO မှသတ်မှတ်ထားတဲ့ လေထုတစ်ကုဗမီတာမှာ အမှုန်အမွှားပါဝင်မှု ၅ မိုက်ခရိုဂရမ် စံနှုန်းနဲ့ညီတဲ့ ခရိုင်တစ်ခုမှ မရှိခဲ့ပါဘူး။
အမေရိကန်မှာ စံနှုန်းက လေထုတစ်ကုဗမီတာမှာ အမှုန်အမွှားပါဝင်မှု ၁၂ မိုက်ခရိုဂရမ် သတ်မှတ်ထားပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီကတော့ ဒီစံနှုန်းကို ၉ - ၁၀ မိုက်ခရိုဂရမ်အထိ လျှော့ချသတ်မှတ်ပေးဖို့ အဆိုပြုထားပါတယ်။
အဆိုပါစံနှုန်းနဲ့သာ ကိုက်ညီပါက လူသားအားလုံးပေါင်းလိုက်ရင် သက်တမ်း ၃.၂ သန်း တိုးလာလိမ့်မယ်လို့ စွမ်းအင်ပေါ်လစီ အဖွဲ့အစည်းက ခန့်မှန်းလိုက်ပါတယ်။
လူ့သက်တမ်းကို ထိခိုက်စေလောက်တဲ့ လေထုညစ်ညမ်းမှုတွေက အာဖရိကနဲ့ အာရှတို့မှာ စတင်အခြေပြုခဲ့ကာ ကမ္ဘာ့ပျမ်းမျှနေထိုင်သက်တမ်း ဆုံးရှုံးမှုရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေပါတယ်။
ထိုဒေသတွေမှာ လေထုညစ်ညမ်းမှု ပြဿနာဖြေရှင်းရန် သင့်လျော်တဲ့ အခြေခံအဆောက်အအုံတွေ မရှိသေးပါဘူး။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့ပျမ်းမျှနေထိုင်သက်တမ်း ဆုံးရှုံးခြင်းရဲ့ ၃ ပုံ ၂ ပုံလောက်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှားတို့မှာ ဖြစ်ပွားနေပြီး ထိုနေရာကလူတွေဟာ သက်တမ်း ၁ နှစ်မှ ၆ နှစ်ခန့်အထိ ဆုံးရှုံးနေရကြောင်း Air Quality Life Index တည်ထောင်သူ မိုက်ကယ်ဂရင်းစတုန်းက ပြောကြားခဲ့ပါတယ်။
ဒီအတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် ရန်ပုံငွေရှာဖို့ကိုလည်း စွမ်းအင်ပေါ်လစီအဖွဲ့အစည်း ညွှန်ကြားရေးမှူး ခရစ္စတာဟာဆင်ကော့ဖ်က ဆိုပါတယ်။
ကမ္ဘာမြေကြီးပေါ်က ၉၉ ရာခိုင်နှုန်းလောက်ဟာ ညစ်ညမ်းလေတွေကို ရှူရှိုက်နေရတယ်လို့ WHO က မနှစ်က ခန့်မှန်းခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကြီးတွေက သန့်စင်သောလေအဖြစ် မပြောင်းလဲဘဲ ညစ်ညမ်းလေထုအဖြစ်သာ ကုန်ဆုံးနေကြောင်း WHO ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာမာရီယာနီရာက ပြောပြသွားပါတယ်။
#World_Health #လေထုညစ်ညမ်းမှု
Source: New York Post
- Category: World
- Hits: 96
#World_Health
Published 1 Sept 2023
အီလက်ထရောနစ်စီးကရက် ဒါမှမဟုတ် Vape လို့ခေါ်တဲ့ အီးစီးကရက်တွေဟာ ဓာတ်အားသွင်းပြီး အသုံးပြုရတဲ့ ပစ္စည်းတွေဖြစ်ပြီး အေရိုဆောလ်အငွေ့တွေကို ထုတ်လုပ်ပေးပါတယ်။
နီိကိုတင်း၊ အနံ့အရသာ၊ အခြားဓာတုပစ္စည်းများ ပါဝင်တဲ့ ပျော်ရည်တစ်မျိုးကို အပူပေးလိုက်ပြီး အငွေ့ထွက်စေတာ ဖြစ်ပါတယ်။
အီးစီးကရက်အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပ်ပြီး မသိရှိရသေးပေမယ့် လုံးဝအန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။
လူကိုစွဲလမ်းစေတဲ့ နီကိုတင်းက ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်စေနိုင်ပြီး အီးစီးကရက်တွေက အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
(၁) အဆုတ်ထိခိုက်စေခြင်း
အီးစီးကရက်တွေက အဆုတ်ရောင်ခြင်း၊ တစ်ရှူးထိခိုက်စေခြင်း၊ အသက်ရှူပြဿနာများနဲ့ အဆုတ်အမာရွတ်များ ဖြစ်စေနိုင်ပါတယ်။
ဖော်မယ်ဒီဟိုက်၊ အေခရိုလိန်း၊ အငွေ့ပျံနိုင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများ ပါဝင်ကာ အဆုတ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၂) အဆုတ်လုပ်ဆောင်ချက် ချို့ယွင်းစေခြင်း
အီးစီးကရက် ပုံမှန်အသုံးပြုပါက အဆုတ်လုပ်ဆောင်ချက် ကျဆင်းစေကာ အသက်ရှူရခက်စေပြီး နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (COPD) ဖြစ်စေနိုင်ပါတယ်။
(၃) ရောဂါကူးစက်နိုင်ချေများခြင်း
အီးစီးကရက်ကြောင့် ကိုယ်ခံအားစနစ် အားနည်းစေပြီး အသက်ရှူလမ်းကြောင်းစနစ် လုပ်ဆောင်ချက်ကို ချို့ယွင်းစေပါတယ်။
(၄) ရင်ကြပ်ခြင်းကို ပိုမိုဆိုးရွားစေခြင်း
ရင်ကြပ်သလိုမျိုး ဖြစ်စေနိုင်သလို ရှိပြီးသားရင်ကြပ်ရောဂါကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ရှူသွင်းလိုက်တဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေကာ ရောင်ရမ်းစေပြီး အသက်ရှူရခက်ခဲစေပါတယ်။
(၅) အသက်ရှူလမ်းကြောင်းဆဲလ်များကို ထိခိုက်စေခြင်း
အီးစီးကရက်မှာ အဆိပ်အတောက်ဓာတုများနဲ့ နာနိုအမှုန်များပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်းရှိ ဆဲလ်များကို ထိခိုက်စေပါတယ်။
(၆) အသက်ရှူခြင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း
အီးစီးကရက်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်ကာ လေပြွန်ငယ်များ ပိတ်ဆို့ခြင်း ဒဏ်ရာရခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်ရှူကြပ်စေနိုင်ပါတယ်။
(၇) အဆုတ်ကင်ဆာဖြစ်နိုင်ချေများခြင်း
သာမန်ဆေးလိပ် သောက်သုံးသလိုပင် အီးစီးကရက်ကလည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေ များစေပါတယ်။
အီးစီးကရက်ရဲ့ ရေရှည်ကျန်းမာရေး အကျိုးဆက်တွေကို ထပ်ပြီးသိရှိရဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အီးစီးကရက် အသုံးပြုခြင်းကြောင့် အဆုတ်ကို ဆိုးကျိုးများသက်ရောက်စေကာ တသက်စာပျက်စီးမှုများ ဖြစ်စေနိုင်တာတော့ အထောက်အထားတွေ ရှိနေပါတယ်။
#World_Health #အီးစီးကရက်သုံးစွဲခြင်း #အသက်ရှူလမ်းကြောင်း
Source: DoctorNDTV
- Category: World
- Hits: 141
ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လေ့လာမှုများများစားစား မလုပ်ဖူးတဲ့နေရာကို သိပ္ပံပညာရှင်များ မှတ်တမ်းပြုစုလေ့လာရန်အတွက် ဂရင်းလန်းစကိုးစ်ဘီကျွန်း ရေခဲစိုင်များကြား လှေဖြင့်သွားလာခဲ့ကြပါတယ်။
Published_ 31 August 2023
#World_Science #ဂရင်းလန်းမှအရည်ပျော် #ရေခဲပြင်ဒေသ
- Category: World
- Hits: 133
၃၁ ဩဂုတ် ၂၀၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်ဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာကို ရရှိထားတယ်လို့ မကြာခင် တာဝန်ပြီးဆုံးတော့မည့် ဒုတိယဝန်ကြီးချုပ်၊ ခေတ္တ တရားရေးဝန်ကြီး ဝီဆာနု ကရီယာနမ်က ပြောပါတယ်။
ဩဂုတ် ၃၁ရက် ကြာသပတေးနေ့က သတင်းထောက်များနှင့် အစိုးရရုံးတွင်တွေ့ဆုံရာမှာ မစ္စတာဝီဆာနုက ပြောကြားခဲ့တာဖြစ်ပြီး ဒီ အသနားခံလွှာကို သက်ဆင်ကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစုဝင်တစ်ဦးဦးက တင်သွင်းခဲ့တာလားဆိုတာကိုတော့ သူက ပြောဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအပြင် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာဟာ သက်ဆင်ရဲ့ အမှု(၃)ခုစလုံးအတွက်ပဲလားဆိုတာကိုလည်း သူက ပြောဖို့ငြင်းဆန်ပါတယ်။
“ ကျွန်တော်တို့ လက်ခံရရှိထားတယ်။ကျန်တာတွေကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ဥပဒေအရ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အသနားခံလွှာကို တရားရေးဝန်ကြီးမှတစ်ဆင့် ဝန်ကြီးချုပ် အဲဒီကမှ မင်းတိုင်ပင်ကောင်စီ အဲဒီကမှ ဘုရင်မင်းမြတ်ဆီ အဆင့်ဆင့် တင်သွင်းရမှာဖြစ်ပါတယ်။
စာရွက်စာတမ်းအလုပ်တွေ အဆင်ပြေပြေဖြစ်ရင် လုပ်ငန်းစဉ်တစ်ခုလုံးဟာ တစ်လမှ နှစ်လအထိကြာမြင့်နိုင်တယ်လို့ အရာရှိတွေကပြောပါတယ်။
ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ဦးဆောင်တဲ့ အစိုးရသစ်မတက်ခင် လက်ရှိအိမ်စောင့်အစိုးရသက်တမ်းက ရက်အနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ်။ မစ္စတာ ဝီဆာနုကတော့ လုပ်ငန်းစဉ်က သိပ်ကြာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ဒါဟာ ဘုရင်မင်းမြတ်ရဲ့ ကရုဏာတော်အပေါ်ပဲ လုံးလုံးလျားလျားမှီတည်နေပါတယ်။ အစိုးရဘက်က လုပ်ငန်းစဉ်တွေက မကြာပါဘူး။ ဘုရင်မင်းမြတ်က ဘယ်လောက်အချိန်ယူမယ်ဆိုတာနှင့်ပဲဆိုင်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
Source Bangkok Post
- Category: World
- Hits: 198
#Daily_News
Published_ 31 August 2023
၁။ ဆီဈေးမြှင့်ပြီးရောင်းချသူများကို Call Center တွင် တိုင်ကြားနိုင်၊ စီးပွားကူးသန်းမှ ဥပဒေအရအရေးယူမည်
၂။ ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးအနည်းငယ် ပြန်ကျဆင်း
၃။ ပြည်ပလုပ်သားများ၏ လစာကို တရားဝင်လွှဲပို့နိုင်ရေး အေဂျင်စီနှင့်အလုပ်သမားကြား သဘောတူစာချုပ်လုပ်ရမည်
၄။ ဂရင်းလန်းမှ အရည်ပျော်လာနေသော ရေခဲပြင်ဒေသထံသို့ သိပ္ပံပညာရှင်များလေ့လာခရီးထွက်ခွာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 123
#World_Health
Published 31 August 2023
ဆေးရုံဆေးခန်း မသွားချင်တဲ့သူတွေအတွက် သွေးပေါင်ချိန် ပုံမှန်စစ်ဆေးဖို့ ခက်ခဲနေတတ်ပါတယ်။
ခန္ဓာကိုယ်နဲ့ အတွင််းအင်္ဂါတွေ ဘယ်လိုအလုပ်လုပ်နေလဲဆိုတာကို ဖော်ပြနေတဲ့ အရေးကြီးလက္ခဏာရပ် ၄ မျိုးထဲမှာ သွေးပေါင်ချိန်လည်း အပါအဝင်ဖြစ်ပါတယ်။
သွေးပေါင်ချိန် အတက်အကျဖြစ်ခြင်းဟာ ရောဂါအခံရှိနေတာကို ဖော်ပြနေတာကြောင့် အိမ်မှာလည်း အမြဲတိုင်းတာနေဖို့ လိုအပ်ပါတယ်။
ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ကိုလက်စ်ထရောလ် မြင့်မားခြင်း၊ နေထိုင်စားသောက်မှုပုံစံ၊ သွေးကြောထဲမှာ အစိုင်အခဲပိတ်ဆို့မှုများကြောင့် သွေးပေါင်ချိန်တက်ခြင်းကို ခံစားရနိုင်ပါတယ်။
WHO ဖော်ပြချက်အရ ကမ္ဘာတဝှမ်းမှာ သွေးတိုးရောဂါခံစားနေရသူ ၁.၃ ဘီလီယံခန့် ရှိနေပါတယ်။
အန္တရာယ် အလွန်မကြီးမားသရွေ့ ရောဂါလက္ခဏာ မတွေ့ရတတ်တာကြောင့် သွေးပေါင်ချိန်ကို အမြဲတိုင်းတာနေဖို့ လိုအပ်ပါတယ်။
စောစီးစွာ သိရှိရပါက ရောဂါတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အလိုအလျောက် တိုင်းတာပေးတဲ့ စက်ပစ္စည်းများဖြင့် သွေးပေါင်ချိန်ပမာဏကို အမြန်သိရှိအောင် တိုင်းတာတတ်ကြပါတယ်။
မိမိဘာသာ အိမ်မှာတိုင်းတာချင်ရင် ဒီလိုသွေးပေါင်ချိန်တိုင်းစက်ကို ဝယ်ယူနိုင်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ စတက်သိုစကုပ်နားကြပ်၊ သွေးပေါင်ချိန်တိုင်းလက်ပတ်၊ ညှစ်နိုင်ဖောင်းနိုင်တဲ့ ပူဖောင်း၊ မာကျူရီပြဒါးတိုင်တို့ဖြင့် ကိုယ်တိုင်တိုင်းတာနိုင်ပါတယ်။
ငြိမ်သက်စွာ ထိုင်ပြီး စားပွဲပေါ်မှာ လက်တင်ထားရပါမယ်။
လက်မောင်းနေရာမှာ လက်ပတ်ပတ်ပြီး စတက်သိုစကုပ်နားကြပ်ကို လက်ပတ်အောက် တံတောင်ဆစ်ခွက်မှာ ထားရပါတယ်။
အဲဒီနောက် သွေးဖိအား ၁၈၀ မီလီမီတာမာကျူရီ ရောက်တဲ့အထိ ပူဖောင်းကိုညှစ်ရမှာဖြစ်ပြီး ဖြည်းဖြည်းချင်း ပူဖောင်းကို လေပြန်လျှော့ကာ စတက်သိုစကုပ်နားထောင်ရင်း ပြဒါးတိုင်ကို ကြည့်နေရမှာဖြစ်ပါတယ်။
ပထမဆုံးစကြားရတဲ့ အသံက အပေါ်သွေးဖြစ်ပြီး ငြိမ်ငြိမ်လေးမြည်နေတဲ့ အသံရပ်တန့်သွားတဲ့အခါမှာတော့ ပြဒါးတိုင်က အောက်သွေးကို ဖော်ပြနေပါတယ်။
သွေးပေါင်ချိန် ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။
#World_Health #သွေးပေါင်ချိန်ကိုပုံမှန်တိုင်းတာ
#Source: DoctorNDTV
- Category: World
- Hits: 124