၃၁ ဩဂုတ် ၂၀၂၃

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်ဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာကို ရရှိထားတယ်လို့ မကြာခင် တာဝန်ပြီးဆုံးတော့မည့် ဒုတိယဝန်ကြီးချုပ်၊ ခေတ္တ တရားရေးဝန်ကြီး  ဝီဆာနု ကရီယာနမ်က ပြောပါတယ်။

ဩဂုတ် ၃၁ရက် ကြာသပတေးနေ့က သတင်းထောက်များနှင့် အစိုးရရုံးတွင်တွေ့ဆုံရာမှာ မစ္စတာဝီဆာနုက ပြောကြားခဲ့တာဖြစ်ပြီး ဒီ အသနားခံလွှာကို သက်ဆင်ကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစုဝင်တစ်ဦးဦးက တင်သွင်းခဲ့တာလားဆိုတာကိုတော့ သူက ပြောဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။  အဲဒီအပြင် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာဟာ သက်ဆင်ရဲ့ အမှု(၃)ခုစလုံးအတွက်ပဲလားဆိုတာကိုလည်း သူက ပြောဖို့ငြင်းဆန်ပါတယ်။

“ ကျွန်တော်တို့ လက်ခံရရှိထားတယ်။ကျန်တာတွေကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဥပဒေအရ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်အသနားခံလွှာကို တရားရေးဝန်ကြီးမှတစ်ဆင့် ဝန်ကြီးချုပ်  အဲဒီကမှ မင်းတိုင်ပင်ကောင်စီ အဲဒီကမှ ဘုရင်မင်းမြတ်ဆီ အဆင့်ဆင့် တင်သွင်းရမှာဖြစ်ပါတယ်။

စာရွက်စာတမ်းအလုပ်တွေ အဆင်ပြေပြေဖြစ်ရင် လုပ်ငန်းစဉ်တစ်ခုလုံးဟာ တစ်လမှ နှစ်လအထိကြာမြင့်နိုင်တယ်လို့ အရာရှိတွေကပြောပါတယ်။

ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ဦးဆောင်တဲ့ အစိုးရသစ်မတက်ခင် လက်ရှိအိမ်စောင့်အစိုးရသက်တမ်းက ရက်အနည်းငယ်ပဲကျန်တော့တာဖြစ်ပါတယ်။ မစ္စတာ ဝီဆာနုကတော့ လုပ်ငန်းစဉ်က သိပ်ကြာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒါဟာ ဘုရင်မင်းမြတ်ရဲ့ ကရုဏာတော်အပေါ်ပဲ လုံးလုံးလျားလျားမှီတည်နေပါတယ်။ အစိုးရဘက်က လုပ်ငန်းစဉ်တွေက မကြာပါဘူး။ ဘုရင်မင်းမြတ်က ဘယ်လောက်အချိန်ယူမယ်ဆိုတာနှင့်ပဲဆိုင်ပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

Source Bangkok Post