#Local_News
Published 28 April 2024

▪️ "စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား"သီချင်းနှင့်သက်ဆိုင်သူအားလုံးကိုမြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီးအရှက်သိက္ခာကင်းမဲ့စွာရိုက်ကူးပြသခဲ့သည့်အတွက်ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်သည့် သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားဖန်တီးမှုများဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော ဝတ်စားဆင်ယင်မှုများဖြင့်လည်းကောင်း အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည့်အတွက် အဆိုပါသီချင်းနှစ်ပုဒ်နှင့်သက်ဆိုင်သူအားလုံးကိုအမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

 

▪️ “စောင့်ပက်”တေးသီချင်းဗီဒီယိုနှင့် “စကားလေးတစ်ခွန်းပဲဖြေချစ်လား” တေးသီချင်းဗီဒီယိုတို့နှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်ဟုဆိုသည်။

 

▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေး နှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊

 

▪️ အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီး ဖြစ်ကြောင်း၊

 

▪️ သို့ပါ၍ ရုပ်ရှင်နှင့်ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြား‌ရေးဝန်ကြီးဌာန၏အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။

 

#tthl #Yangon_Times