၂၉ ဧပြီ ၂၀၂၄

ထိုင်းနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲကြေညာပြီးနောက် ဒုတိယဝန်ကြီးချုပ်ရာထူးမှဖယ်ရှားခံရပြီး နိုင်ငံခြားရေးဝန်ကြီးရာထူးတစ်ခုသာ ပြန်လည်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါ နူကာရာဟာ ရာထူးမှနှုတ်ထွက်သွားပါတယ်။

သူဟာ မြန်မာနိုင်ငံရေးရာနှင့်ပတ်သက်တဲ့အဖွဲ့ကို ဦးဆောင်နေပြီး ပြီးခဲ့တဲ့လက လူသားချင်းဆိုင်ရာ အကူအညီတွေပေးခဲ့ကာ မြန်မာအရေးအတွက်  တွေ့ဆုံဆွေးနွေးရေးကိုကြိုးစားနေချိန်မှာ နှုတ်ထွက်ခဲ့ တာဖြစ်ပါတယ်။သူနှုတ်ထွက်မှုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဦးဆောင်သူမဲ့သွားရပါတယ်လို့ ရိုက်တာကသတင်းရေးပါတယ်။

ပန်ပရီဟာ ဂါဇာမှာ ဟားမာ့းစ်တွေဖမ်းဆီးထားတဲ့ ထိုင်းဓားစာခံ ဒါဇင်များစွာ လွတ်မြောက်ရေးအတွက် လည်း ကြိုးပမ်းခဲ့ပါသေးတယ်။

ပန်ပရီရဲ့ နှုတ်ထွက်စာကို ဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်လက်ခံရရှိတယ်လို့  ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရသူ ချိုင်းဝါချာရွန်ကီက ရိုက်တာကိုပြောပါတယ်။

“ ပန်ပရီနှုတ်ထွက်တာဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပေါ် ဘယ်လိုမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါ ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်နှင့်အရာရှိတွေက သူ့အစား အလုပ်လုပ် နိုင်လို့ဖြစ်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

သူနှုတ်ထွက်မှုအပေါ်  တော်တော်များများတော့ အံ့အားသင့်ခဲ့ကြပါတယ်။ ဒုတိယဝန်ကြီးချုပ် ဖမ်သမ် ဝီချာရာချိုင်းက သူမျှော်လင့်မထားဘူးလို့ မီဒီယာတွေကိုပြောပါတယ်။

ပန်ပရီကို ဆက်သွယ်ပြီး မှတ်ချက်ရယူလို့မရသေးပါဘူး။

ဆရက်သာရဲ့ အစိုးရအဖွဲ့အသစ်ကို ထိုင်းဘုရင်က အတည်ပြုပေးပြီး အစိုးရရဲ့ တော်ဝင်ပြန်တမ်းမှာ ထည့် သွင်းထုတ်ပြန်ထားရာမှာ ပန်ပရီဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးသီးသန့်သာတွေ့ရပြီး ပူးတွဲရာထူးဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်ရာထူး မပါဝင်တော့တာဖြစ်ပါတယ်။

ကုန်သွယ်ရေးကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ပန်ပရီဟာ သူ့ကို ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့တာဟာ သူ့ရဲ့ လုပ်ငန်းဆောင်တာမှတ်တမ်းကြောင့်မဟုတ်ကြောင်းနှင့် သူဟာ အလုပ်ကို ကောင်းစွာလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့နိုင်ငံတကာပုံရိပ်ကိုမြှင့်တင်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှာ ပါရှိတဲ့ သူ့ရဲ့ နှုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

@ymg/knl