#World_Health
Published 1 Sept 2023


အီလက်ထရောနစ်စီးကရက် ဒါမှမဟုတ် Vape လို့ခေါ်တဲ့ အီးစီးကရက်တွေဟာ ဓာတ်အားသွင်းပြီး အသုံးပြုရတဲ့ ပစ္စည်းတွေဖြစ်ပြီး အေရိုဆောလ်အငွေ့တွေကို ထုတ်လုပ်ပေးပါတယ်။

 

နီိကိုတင်း၊ အနံ့အရသာ၊ အခြားဓာတုပစ္စည်းများ ပါဝင်တဲ့ ပျော်ရည်တစ်မျိုးကို အပူပေးလိုက်ပြီး အငွေ့ထွက်စေတာ ဖြစ်ပါတယ်။

 

အီးစီးကရက်အသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပ်ပြီး မသိရှိရသေးပေမယ့် လုံးဝအန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။

 

လူကိုစွဲလမ်းစေတဲ့ နီကိုတင်းက ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်စေနိုင်ပြီး အီးစီးကရက်တွေက အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

 

(၁) အဆုတ်ထိခိုက်စေခြင်း

 

အီးစီးကရက်တွေက အဆုတ်ရောင်ခြင်း၊ တစ်ရှူးထိခိုက်စေခြင်း၊ အသက်ရှူပြဿနာများနဲ့ အဆုတ်အမာရွတ်များ ဖြစ်စေနိုင်ပါတယ်။

 

ဖော်မယ်ဒီဟိုက်၊ အေခရိုလိန်း၊ အငွေ့ပျံနိုင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများ ပါဝင်ကာ အဆုတ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်စေပါတယ်။

 

(၂) အဆုတ်လုပ်ဆောင်ချက် ချို့ယွင်းစေခြင်း

 

အီးစီးကရက် ပုံမှန်အသုံးပြုပါက အဆုတ်လုပ်ဆောင်ချက် ကျဆင်းစေကာ အသက်ရှူရခက်စေပြီး နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (COPD) ဖြစ်စေနိုင်ပါတယ်။

 

(၃) ရောဂါကူးစက်နိုင်ချေများခြင်း

 

အီးစီးကရက်ကြောင့် ကိုယ်ခံအားစနစ် အားနည်းစေပြီး အသက်ရှူလမ်းကြောင်းစနစ် လုပ်ဆောင်ချက်ကို ချို့ယွင်းစေပါတယ်။

 

(၄) ရင်ကြပ်ခြင်းကို ပိုမိုဆိုးရွားစေခြင်း

 

ရင်ကြပ်သလိုမျိုး ဖြစ်စေနိုင်သလို ရှိပြီးသားရင်ကြပ်ရောဂါကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။


ရှူသွင်းလိုက်တဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေကာ ရောင်ရမ်းစေပြီး အသက်ရှူရခက်ခဲစေပါတယ်။

 

(၅) အသက်ရှူလမ်းကြောင်းဆဲလ်များကို ထိခိုက်စေခြင်း

 

အီးစီးကရက်မှာ အဆိပ်အတောက်ဓာတုများနဲ့ နာနိုအမှုန်များပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်းရှိ ဆဲလ်များကို ထိခိုက်စေပါတယ်။

 

(၆) အသက်ရှူခြင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း

 

အီးစီးကရက်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်ကာ လေပြွန်ငယ်များ ပိတ်ဆို့ခြင်း ဒဏ်ရာရခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်ရှူကြပ်စေနိုင်ပါတယ်။

 

(၇) အဆုတ်ကင်ဆာဖြစ်နိုင်ချေများခြင်း

 

သာမန်ဆေးလိပ် သောက်သုံးသလိုပင် အီးစီးကရက်ကလည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေ များစေပါတယ်။

 

အီးစီးကရက်ရဲ့ ရေရှည်ကျန်းမာရေး အကျိုးဆက်တွေကို ထပ်ပြီးသိရှိရဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အီးစီးကရက် အသုံးပြုခြင်းကြောင့် အဆုတ်ကို ဆိုးကျိုးများသက်ရောက်စေကာ တသက်စာပျက်စီးမှုများ ဖြစ်စေနိုင်တာတော့ အထောက်အထားတွေ ရှိနေပါတယ်။

 

#World_Health #အီးစီးကရက်သုံးစွဲခြင်း #အသက်ရှူလမ်းကြောင်း
Source: DoctorNDTV