Published 11 July 2023
လူတစ်ဦးရဲ့ မေးရိုးပေါ်က အလေးချိန် ၃ ပေါင်ရှိတဲ့ ဧရာမအကျိတ်ကြီးကို ဖယ်ရှားပြီးနောက် အီတလီခွဲစိတ်ဆရာဝန်တွေက ခြေထောက်အရိုးကို အသုံးပြုပြီး မျက်နှာကို ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။
ခွဲစိတ်မှုကို မီလန်မြို့ ဂယ်လီယာဇီဆန့်အမ်ဘရိုဂျီယိုဆေးရုံမှာ ပြုလုပ်ခဲ့ပြီး ရှုပ်ထွေးတဲ့ ခွဲစိတ်မှုဖြစ်ကြောင်း ဦးဆောင်ခွဲစိတ်ဆရာဝန် 'အဲလက်ဆန်ဒရိုဘာဂျ်'က ပြောကြားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် 'အိန်ဂျလို'အမည်ရတဲ့ အမျိုးသားဟာ မျက်နှာမှာ အကျိတ်ကြီးတစ်ခုဖြစ်နေပြီး စားသောက်ခြင်းနဲ့ အသက်ရှူခြင်းတို့ကို ခက်ခဲစေခဲ့ပါတယ်။
ဓာတ်ပုံတွေမှာတော့ သူ့မျက်နှာပေါ်ကို လုံးဝဖုံးအုပ်နေတဲ့ အဖုကြီးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုအကျိတ်ကို လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုကတည်းက တွေ့ရှိထားတာဖြစ်ပေမယ့် ထိန်းမရနိုင်အောင် ကြီးလာတဲ့အခါမှသာ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
ကံဆိုးစွာနဲ့ပဲ ထွက်နေတဲ့အဖုအရွယ်အစားအရ ဆရာဝန်တွေဟာ အကျိတ်ရှိတဲ့မေးရိုး အစိတ်အပိုင်းကိုပါ ဖယ်ရှားခဲ့ရပါတယ်။
မျက်နှာအကောင်းအတိုင်း ပြန်ရဖို့ မျက်နှာအောက်ပိုင်း လုပ်ဆောင်ချက် ပြန်လည်ပြုပြင်ရန် အိန်ဂျလိုရဲ့မေးရိုးကို ခွဲစိတ်ပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်လာပါတယ်။
အရင်ဆုံး ခွဲစိတ်ဆရာဝန်တွေက CT စကင်နဲ့ 3D ပရင်တာတို့ကို အသုံးပြုပြီး အမျိုးသားရဲ့မေးရိုးနဲ့ အကျိတ်တို့ကို ပုံတူဖန်တီးကာ ဒီဂျစ်တယ်ပုံကြမ်း ဖန်တီးခဲ့ကြပါတယ်။
ခြေသလုံးရိုးအသေးကို အနည်းငယ်ခွဲယူကာ မေးရိုးပုံစံအတိုင်းအတိအကျဖြစ်အောင် ပြန်လည်ဖန်တီးယူလိုက်ပါတယ်။
အဲဒီနောက် ထိုအရာကို အိန်ဂျလိုရဲ့မျက်နှာထဲ အစားထိုးထည့်သွင်းလိုက်ပါတယ်။
ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေအနည်းငယ်ရှိကာ အိန်ဂျလိုသက်သာလာခြင်းကို ဆရာဝန်တွေ စောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။
အဆင်ပြေတယ်ဆိုရင် သွားအစားထိုးထည့်ခြင်း၊ ပါးစပ်ကြွက်သား ပြန်လည်တည်ဆောက်ခြင်းတို့ ဖြစ်လုပ်မှာဖြစ်ကာ အလှအပဆိုင်ရာဆရာဝန်များက အကျိတ်ကကျန်ခဲ့တဲ့ တစ်ရှူးများကို ဖယ်ရှားမှာဖြစ်ပါတယ်။
Source: NY Post.
#World_Health
#YMG #Yangon_Times
Published 11 July 2023
ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Integrated Biosciences မှ ဦးဆောင်တဲ့ သက်ရွယ်ကြီးရင့်မှုသုတေသနဟာ ဆီနော်လစ်တစ်ဒြပ်ပေါင်းများ ရှာဖွေရာမှာ လူလုပ်ဉာဏ်ရည်တု(AI)ရဲ့ အလားအလာကို ပြသထားပါတယ်။
ဆီနော်လစ်တစ်တွေက ရောင်ရမ်းခြင်း၊ တစ်ရှူးပြဲခြင်း၊ ကင်ဆာစတဲ့ အသက်အရွယ်အိုမင်းခြင်းနဲ့ ပတ်သက်တဲ့ဖြစ်စဉ်တွေကို တားဆီးနိုင်တဲ့ မော်လီကျူးငယ်တွေ ဖြစ်ပါတယ်။
AI နည်းပညာဖြင့် ဒြပ်ပေါင်း ၈ သိန်းကျော် စစ်ဆေးကာ လက်ရှိဆီနော်လစ်တစ်တွေနဲ့ နှိုင်းယှဉ်ရင် သာလွန်ကောင်းမွန်တဲ့ ဓာတုဗေဒဂုဏ်သတ္တိများ ပြသနိုင်တဲ့ စွမ်းဆောင်ရည်မြင့်ဆေးဝါး ၃ မျိုးကို သုတေသီများတွေ့ရှိခဲ့ပါတယ်။
သက်ရှည်ကျန်းမာရေးအတွက် သုတေသနနဲ့ ဆေးဝါးရှာဖွေရေးမှာ AI အသုံးပြုခြင်းက အရေးပါတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဓာတုအာကာသစူးစမ်းလေ့လာရန် AI စွမ်းရည်များအသုံးချပြီး Integrated Bio-sciences မှ သုတေသီများက အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ဒြပ်ပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိုမင်းဆဲလ်တွေဟာ ဆီးချို၊ ကင်ဆာ၊ အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးသွေးကြောရောဂါစတဲ့ ရောဂါအခြေအနေတွေမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
သုတေသီတွေက ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်စေဘဲ အိုမင်းဆဲလ်တွေကို ခန္ဓာကိုယ်ကနေ ရွေးချယ်ဖယ်ရှားနိုင်မယ့် ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်မျိုး တွေ့ရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
AI နည်းပညာဖြင့် အလားအလာရှိတဲ့ ဆီနော်လစ်တစ်ဒြပ်ပေါင်း ၃ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
ထိုဒြပ်ပေါင်းများရဲ့ ဆေးဘက်ဆိုင်ရာ ဓာတုဂုဏ်သတ္တိများ ပြသထားပြီး လက်တွေ့ရလဒ်များ အောင်မြင်မယ့် အလားအလာများပါတယ်။
မော်လီကျူးအမျိုးမျိုးရဲ့ ဆီနော်လစ်တစ်လုပ်ဆောင်ချက်များကို ခန့်မှန်းနိုင်ရန် သိပ္ပံပညာရှင်များက စမ်းသပ်ထုတ်လုပ်ထားတဲ့ အချက်အလက်ကို အသုံးပြုပြီး နက်နဲတဲ့အာရုံကြောကွန်ရက်များကို ဖန်တီးခဲ့ကြပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times
တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေး BYD ဟာ ဘရာဇီးလ်နိုင်ငံအတွင်း လျှပ်စစ်ကားထုတ်လုပ်မယ့် စက်ရုံသစ်ဆောက်လုပ်ရန် အစီအစဉ်များ ကြေညာပြီး ဘရာဇီးလ် ဘာဟီယာမှာ အင်္ဂါနေ့က အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့ပါတယ်။
#World_Automobile
#Published_ 10 July 2023
#YMG #Yangon_Times
Published_ 10 July 2023
တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းတွင် ဇူလိုင်(၁၀)ရက် တနင်္လာနေ့က လူတစ်ဦးက လူတစ်ဦးက ထိုးသတ်သဖြင့် လူ(၆)ဦးသေဆုံးခဲ့ရပြီး ထိုသံသယရှိသူကို ဖမ်းဆီးမိခဲ့ပါတယ်။
“သေဆုံးသူတွေထဲမှာ ကျောင်းဆရာတစ်ဦး၊မိဘနှစ်ဦးနှင့် ကျောင်းတက်နေတဲ့ ကလေးငယ်(၃)ဦးတို့ဖြစ် ကြပါတယ်” လို့ မြို့အစိုးရပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
ပြောရေးဆိုခွင့်ရသူက သေဆုံးသူတွေဘယ်သူတွေဆိုတာနှင့် အသက်တွေကိုရော ဘာလက်နက်သုံးတယ်ဆိုတာ ကိုရော အသေးစိတ်ထုတ်ဖော်ပြောမသွားပါဘူး။
တနင်္လာနေ့ မနက် ၇နာရီ ၄၀မိနစ်ခန့်မှာ လျန်ကျန်းခရိုင်မှာ အဆိုပါမှုခင်းဖြစ်ပွားခဲ့တာြဖစ်ပြီး မျိုးရိုးအမည် “ဝူ” ပါတဲ့ အသက် ၂၅နှစ်အရွယ်အမျိုးသာတစ်ဦးကို ရၕဲက ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပြစ်မှု ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ရဲကပြောပါတယ်။
တိုက်ခိုက်မှုနှင့်ပတ်သက်လို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ယခုတိုက်ခိုက်မှုဟာ တရုတ်ရဲ့ ဆိုရှယ်မီဒီယာ Weibo ဝေးဘိုမှာ ထိပ်ဆုံးဆွေးနွေးစရာ ဖြစ်နေပါတယ်။
ယနေ့ ဒေသံစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အထိ ကြည့်ရှုသူပေါင်း သန်း ၁၃၀ ရှိနေပါပြီ။
သေနတ်ကိုတင်းကြပ်စွာ ထိန်းချုပ်ထားတဲ့ တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက ဓားထိုးခံရမှုတွေနှင့် ရင်ဆိုင်နေကြရပါတယ်။
သေစေလောက်တဲ့တိုက်ခိုက်မှုတွေကို ယခုနှစ်ပိုင်းများအတွင်း ကျောင်းသူ ကျောင်းသား တွေနှင့် ကျောင်းတွေကို ပစ်မှတ်ထားလာနေကြပါတယ်။
တိုက်ခိုက်မှုတွေက အာဏာပိုင်တွေအပေါ် လုံခြုံရေးတိုးမြှင့်ဖို့ နှင့် အဲဒီအကြမ်းဖက်မှုတွေရဲ့ ဇာစ်မြစ်ကို ရှာဖွေဖို့ ဖိအားတွေဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကျန်ရှီးပြည်နယ်က မူကြိုတစ်ကျောင်းမှာ ဓားထိုးမှုဖြစ်ခဲ့လို့ လူ(၃)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ်ဧပြီလမှာ တရုတ်ပြည်တောင်ပိုင်းက မူကြိုတစ်ကျောင်းမှာလည်း လူတစ်ဦးက ဓားဖြင့် သောင်းကျန်းတဲ့အတွက ကလေးငယ် (၂)ဦးသဆုံးပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက တရုတ်ပြည်တောင်ပိုင်း မူလတန်းကျောင်းတစ်ကျောင်းမှာ လူတစ်ဦးက ဓားဖြင့် တိုက်ခိုက်လို့ ကျောင်းသူကျောင်းသား (၃၇)ဦးနှင့် လူကြီး(၂)ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ အနောက်တောင်ပိုင်းက ယူနန်ပြညနယ်ရှိ မူကြိုတစ်ကျောင်းရဲ့ နံရံကို လူတစ်ဦးက ခုန်တက်ပြီး ပျက်စီးစေတဲ့ အရည်တွေနှင့် ပက်တဲ့အတွက် လူ ၅၁ ဦးဒဏ်ရာရခဲ့ပါတယ်။
အများစုဟာ ကျောင်းသူ ကျောင်းသားတွေဖြစ်ကြပါတယ်။
တစ်နှစ်တည်းမှာပဲ ဟိုပေပြည်နယ်မှာ အသက် ၄၀အရွယ်လူတစ်ဦးက ကျောင်းနှင့်ဆက်နွယ်တဲ့ ရာဇဝတ်မှု ကျူးလွန်လို့ ကျောင်းသူကျောင်းသား (၈)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။
၂၀၁၈ခုနှစ် ဧပြီလတုန်းက ရှန်ရှီးပြည်နယ်မှာ အသက် ၂၈နှစ်အရွယ် အမျိုးသားတစ်ဦးက ကျောင်းပြင်ပမှာ ကောလိပ်ကျောင်းသူကျောင်းသား (၉)ဦးကိုသတ်ခဲ့ပြီး (၁၂)ဦး ဒဏ်ရာတွေရရှိစေခဲ့ပါတယ်။
အဲဒီကျောင်းက ကျောင်းသားတစ်ဦးက အနှောက်အယှက်ပေးလို့ သူက ကလဲ့စားချေတာလို့ သူကနောက်ပိုင်းမှာပြောပါတယ်။
Source Channel News Asia
#YMG #Yangon_Times
Published_ 10 July 2023
ကမ္ဘောဒီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ရာစုနှစ်ဝက်လောက်က အမေရိကန်မှ ပြန့်ကျဲဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ဒဏ်တွေကို ခံစားနေရဆဲဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်'ဟွန်ဆန်'က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
၁၉၇၀ အစောပိုင်းနှစ်တွေမှာ အမေရိကန်တွေကနေ ပြန့်ကျဲဗုံးများဖြင့် တိုက်ခိုက်ခံရတဲ့ နာကျင်ကြေကွဲဖွယ် အတွေ့အကြုံတွေကို ခံစားနေခဲ့ရတယ်လို့ ဟွန်ဆန်က သူ့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။
ယခုမတိုင်ခင် ရာစုနှစ်ဝက်ကျော် ကြာတဲ့အထိ အဆိုပါဗုံးတွေအားလုံးကို ရှာဖွေဖျက်ဆီးဖို့ နည်းလမ်းမတွေ့ခဲ့ကြောင်း ဆိုပါတယ်။
ယေးလ်တက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ၁၉၆၅ နဲ့ ၁၉၇၃ ခုနှစ်များအတွင်း အမေရိကန်ဟာ ကမ္ဘောဒီးယားမှ နေရာပေါင်း ၁၁၃,၇၁၆ နေရာမှာ ဗုံးပေါင်း ၂၃၀,၅၁၆ ခုကျဲခဲ့တယ်လို့ သိရပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ယူကရိန်းအတွက် အမေရိကန်တို့က ပြန့်ကျဲဗုံးများထောက်ပံ့သွားမယ်လို့ ကြေညာပြီးနောက် ဟွန်ဆန်က အခုလိုမှာကြားလိုက်တာ ဖြစ်ပါတယ်။
ထိုဗုံးတွေအသုံးပြုခဲ့ရင် ဆယ်စုနှစ်တွေ ရာစုနှစ်တွေတိုင်အောင် ယူကရိန်းလူမျိုးတွေအတွက် အဆိုးရွားဆုံးအန္တရာယ် ဖြစ်လာလိမ့်မယ်လို့ ပြောပြခဲ့ပါတယ်။
"ကမ္ဘောဒီးယားနိုင်ငံက သေးငယ်အားနည်းပြီး ကျွန်ုပ်တို့ရဲ့အသံတွေကို အလေးမထားကြမှန်း သိပါတယ်။ ဒါပေမဲ့ ယူကရိန်းပြည်သူတွေကို သနားမိပါတယ်။
တကယ်တမ်းခံစားရမှာက ယူကရိန်းပြည်သူတွေသာဖြစ်ပြီး ဒီစစ်ပွဲမှာ ပြန့်ကျဲဗုံးတွေ အသုံးမပြုရန် အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ကို တောင်းဆိုလိုက်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။
Source: Khmer Times
#World_News
#YMG #Yangon_times
#World_Health
Published 10 July 2023
ကင်ဆာရောဂါနဲ့ အဝလွန်ခြင်းအကြောင်း ဆရာဝန်တွေ သတိပေးလာတာ နှစ်တွေကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဝလွန်ခြင်းကြောင့် ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့အပါအဝင် ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ချေများစေပါတယ်။
အဝလွန်ခြင်းကြောင့် အရင်က ကင်ဆာ ၁၃ မျိုးဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် အခုတော့ ၁၈ မျိုးအထိ ရှိလာပါတယ်။
သုတေသီတွေက စပိန် ကာတာလိုနီယာမှ လူပေါင်း ၂.၆ သန်းကျော်ကို လေ့လာခဲ့ရာ ၂၀၀၉ ခုနှစ်က အသက် ၄၀ အထက်လူကြီးတွေမှာ ကင်ဆာမရှိခဲ့ကြပါဘူး။
ဒါပေမဲ့ ၂၀၁၈ မှာတော့ လူပေါင်း ၂၂၅,၀၀၀ ဦး ကင်ဆာဖြစ်ပွားခဲ့ပါတယ်။
BMI ၂၅ နဲ့အထက် ရှိသူတွေကို အဝလွန်တယ်လို့ သတ်မှတ်ကာ ကင်ဆာအမျိုးအစား ၁၈ မျိုး ဖြစ်နိုင်ချေများကြောင်း Nature Communition ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အချိန်ကြာမြင့်စွာ အဝလွန်နေသူတွေမှာလည်း ကင်ဆာဖြစ်နိုင်ချေများပါတယ်။
ငယ်ရွယ်စဉ်တည်းက ဝတဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုပြီးတော့တောင် များနေပါသေးတယ်။
ငယ်ငယ်လေးနဲ့ ဝတဲ့သူတွေမှာ မှတ်ဉာဏ်စွမ်းဆောင်ရည်၊ ဦးနှောက်တည်ဆောက်ပုံတို့နဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းကြောင့် အရင်ကတွေ့ရှိထားတဲ့ ကင်ဆာ ၁၃ မျိုးထဲမှာ အစာရေမျို၊ ရင်သား၊ အူမကြီးနဲ့ အူသိမ်၊ သားအိမ်၊ သည်းေခြအိတ်၊ အစာအိမ်၊ ကျောက်ကပ်၊ အသည်း၊ သားဥအိမ်၊ ပန်ကရိယ၊ သိုင်းရွိုက်၊ ဦးနှောက်အမြှေးပါးတို့ ပါဝင်နေပါတယ်။
ကင်ဆာကာကွယ်ဖို့အတွက် ကိုယ်အလေးချိန်ထိန်းခြင်းက အရေးပါနေပြီး အသက်အရွယ် အစောပိုင်းထိန်းသိမ်းခြင်းက အဓိကကျနေပါတယ်။
Source: NY Post
#Yangon_Times
#World_Science
Published 10 July 2023
လူသားတွေမှာ ကွာရှင်းခြင်းဖြစ်စဉ်က တွေ့နေကျဖြစ်ပေမယ့် ငှက်တွေမှာလည်း ကွာရှင်းခြင်းဖြစ်ကြလေ့ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဒါပေမဲ့ လူသားတွေမှာလို စိတ်ခံစားချက်တွေကြောင့် ကွာရှင်းတာမျိုးမဟုတ်ပါဘူး။
ငှက် ၉၀ ရာခိုင်နှုန်းလောက်က မိတ်လိုက်ရာသီတစ်ခုမှာ မိတ်ဖက်တစ်ကောင်တည်း ထားကြပေမယ့် အချို့ငှက်တွေကတော့ လက်ရှိမိတ်ဖက်ကို ကွာရှင်းကာ လာမယ့်မိတ်လိုက်ရာသီတွေအတွက် မိတ်ဖက်အသစ် ရှာဖွေကြပါတယ်။
တရုတ်နဲ့ ဂျာမနီတို့မှ သုတေသီအဖွဲ့က ငှက်တွေမှာ ကွာရှင်းခြင်းကိုဖြစ်စေတဲ့ အဓိကအချက် ၂ ခုကို တွေ့ရှိခဲ့ရာ ငှက်ထီးများအကျင့်ပျက်ခြင်းနဲ့ အလွန်ဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းတို့ ဖြစ်ပါတယ်။
စင်ရော်၊ ပျံလွှားတို့လို ငှက်တွေက ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်ခြင်းနှုန်း မြင့်မားနေပြီး ငန်း၊ ဘဲငန်းတို့လို ငှက်တွေကတော့ ကွာရှင်းမှုနှုန်းနဲ့ အထီးအကျင့်ပျက်မှုနှုန်း နည်းပါးတာကို တွေ့ရပါတယ်။
အထီးအကျင့်ပျက်မှုမြင့်မားခြင်းက ကွာရှင်းမှုနှုန်းမြင့်မားတာနဲ့ ဆက်စပ်နေပြီး ငှက်မအကျင့်ပျက်မှုကတော့ ဒီလိုမျိုး မဖြစ်စေပါဘူး။
ပိုမိုဝေးကွာစွာ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း ကွာရှင်းမှုနှုန်း မြင့်မားစေနိုင်ပါတယ်။
မိတ်လိုက်နေရာသို့ အချိန်အခါ မတူဘဲရောက်ရှိခြင်းကြောင့် စောစီးစွာရောက်တဲ့ ငှက်တွေက အခြားငှက်တွေနဲ့ မိတ်လိုက်ကြကာ ကွာရှင်းရခြင်း ဖြစ်လာစေပါတယ်။
ပြောင်းရွှေ့လာတဲ့ငှက်တွေ မတူညီတဲ့ မျိုးပွားနေရာတွေကို ရောက်ရှိကာ ကွဲကွာပြီးနောက် မရည်ရွယ်ဘဲ ကွာရှင်းရတာမျိုးလည်း ရှိကြပါတယ်။
ကွာရှင်းခြင်းကြောင့် မျိုးပွားနေရာရောက်တဲ့အခါ မိတ်ဖက်ဟောင်းကို စောင့်နေစရာမလိုဘဲ စောစောမိတ်လိုက်လို့ရတဲ့ အကျိုးကျေးဇူးတော့ရှိပါတယ်။
ရာသီဥတုပြောင်းလဲမှုကလည်း ငှက်များပြောင်းရွှေ့နေထိုင်တဲ့အပေါ် ကွဲပြားမှုတွေဖြစ်စေကာ ငှက်မျိုးစိတ်တွေမှာ ကွာရှင်းမှုနှုန်းမြင့်မားစေနိုင်ပါတယ်။
Source: WION
#Yangon_Times
Page 550 of 1012