#Local_News
Published 8 August 2026
■ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့၌ ကျင်းပမည့် Esports Nations Cup 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Team Myanmar MLBB အသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) ထံမှ သိရသည်။
■ Team Myanmar MLBB အသင်းသည် ပြည်တွင်း Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲများတွင် ရရှိခဲ့သည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာပြိုင်ပွဲများမှ ရရှိထားသည့် ENC Ranking Points များအပေါ် အခြေခံ၍ Esports Nations Cup 2026 ပြိုင်ပွဲသို့ တိုက်ရိုက်ဖိတ်ကြားမှု (Direct Invitation) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါ Esports Nations Cup 2026 ပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း ၃၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
■ ပြိုင်ပွဲတွင် စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း သတ်မှတ်ထားပြီး ကမ္ဘာ့အဆင့် ထိပ်တန်း Mobile Esports ပြိုင်ပွဲကြီးတစ်ရပ်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။
■ မြန်မာနိုင်ငံအနေဖြင့် ENC MLBB Ranking System တွင် ရမှတ် ၇,၆၀၀ ရရှိထားပြီး ကမ္ဘာ့အဆင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ Esports Nations Cup 2026 ပြိုင်ပွဲသို့ တိုက်ရိုက်ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
■ Esports Nations Cup သည် နိုင်ငံအလိုက် အသင်းများ ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့အဆင့် Esports ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး Team Myanmar MLBB အသင်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် နိုင်ငံတကာစင်မြင့်တွင် မြန်မာ့ Esports အားကစားသမားများ၏ စွမ်းဆောင်ရည်ကို ပြသနိုင်မည့်အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times