#Local_News
Published 03 October 2025
▪️ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ကျိုင်းတုံအကျဉ်းထောင်၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် ရဲစခန်းအချုပ်ခန်းများကိုယမာန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းနှင့် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။
▪️ ထိုကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကျိုင်းတုံအကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများနှင့် အိပ်ဆောင်များ၌တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသောသောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ပေးမှုနှင့် ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် အခြေအနေများကို တွေ့ဆုံမေးမြန်းခြင်း၊ အခြေခံ အရေး၊ အဖတ်၊ အတွက် သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားများဖြစ်သည့် ရှမ်း၊ လားဟူ၊ အာခါ ဘာသာစကားများဖြင့်လည်း တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ထို့ပြင် အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေများကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တောင်းခံသူ အကျဉ်းသား တစ်ဦးကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့ကြောင်း ၊ ထို့အတူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင် ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်းအပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်း စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာစောင် ၇၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရှမ်းရိုးမဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
▪️ ထိုသို့စစ်ဆေးရာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေနှင့် အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွားများအား အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times