#Local_News
Published 1 July 2026

■ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုဖြင့် ပိတ်မိနေသည့် မြန်မာအမျိုးသမီးတစ်ဦးအား အလုပ်သမားသံအရာရှိရုံးမှ မိခင်နိုင်ငံသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ထားသည်။

■ အလုပ်သမားသံအရာရှိရုံးအနေဖြင့် အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်အပြောင်းအလဲ (Transit) စောင့်ဆိုင်းနေခိုက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်အတွင်း ပိတ်မိကာ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့‌ေကြာင်း သိရသည်။

■ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့မှ ၂၉-၆-၂၀၂၆ ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားလာခဲ့သဖြင့် ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးအနေဖြင့် ဒေါ်စောနန်းကြည် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် Myanmar National Airline (MNA) လေကြောင်းလိုင်းနှင့် အမြန်ဆုံးညှိနှိုင်းကာ လေယာဉ်လက်မှတ်အား အဆင်ပြေအောင် ပံ့ပိုးစီစဉ်ပေးခြင်း အပါအဝင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊လက်ရှိတွင်အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်မှာ မိခင်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times