#Local_News
Published 24 October 2025

▪️ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်ကြောင်း ပြည်ထောင်စုနယ်မြေနေပြည်တော် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမ၌ ကျင်းပသည့် ခွေးရူးရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှသိရသည်။

▪️ အဆိုပါအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

▪️ ဒုတိယဝန်ကြီးက ခွေးရူးရောဂါသည် လူနှင့်တိရစ္ဆာန် နှစ်ဖက်လုံးအတွက် အလွန်အန္တရာယ်ရှိကြောင်း၊ WHO အစီရင်ခံစာအရ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၅၉၀၀၀ ခန့် အသက်ဆုံးရှုံးနေပြီး ၉၉ ရာခိုင်နှုန်မှာ ခွေးများမှ ကူးစက်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးကို ၁၉၅၆ ခုနှစ်မှစတင်၍ P.V. 10 strain ဗိုင်းရပ်စ်အမျိုးအစားကို သိုး၏ဦးနှောက်တွင် ထိုးနှံ၍ ပွားများစေပြီး အားပျော့စေကာ ကြက်ဥသန္ဓေသားတွင် အားဖျော့ထားသော ဗိုင်းရပ်စ်အမျိုးအစား Flury, Low Egg Passage Strain ကိုပေါက်ပွားစေပြီး သန္ဓေသားလောင်းကို အမှုန့်ကြိတ်၍ အခြောက်ခံထားသောဆေးကို အသုံးပြုခဲ့ကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် ခွေးရူးရောဂါပိုးသည် လူကို ကူးစက်စေနိုင်သည့်အပြင် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သူများ၏ အာရုံကြောဆိုင်ရာကျန်းမာရေးထိခိုက်မှုရှိနိုင်သဖြင့် ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါကြောင်းပြောကြားသည်။

▪️ ထို့အပြင် ပြည်တွင်း၌ ခွေးရူးရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ပြည်ပမှတင်သွင်းရမှု လျော့နည်းစေမည်ဖြစ်ပြီး ဆေးလိုအပ်အချိန်တွင် အချိန်မီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း ထည့်သွင်းစီမံရန်ဖြစ်ကြောင်း၊ ခွေးရူးရောဂါကာကွယ်ဆေးသည် လူ့အသက်ပေါင်းများစွာ ကယ်တင်ပေးနိုင်သည့် အရေးပါဆုံးလုပ်ငန်းဖြစ်သည်နှင့်အညီ ခွေးရူးရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာ၌ လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြပါရန် မှာကြားသည်။

▪️ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ခွေးရူးရောဂါကာကွယ်ဆေးထုတ်လုပ်ခဲ့မှုအ‌ခြေအနေနှင့် ခွေးရူးရောဂါကာကွယ်ဆေး အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် ပညာရှင်များ၊ ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times