#Local_News
Published 19 August 2025

▪️ လေးရက်အတွင်းသန်းပေါင်း၄၄၀ကျော်တန်ဖိုးရှိ
တရားမဝင် ငါးဖမ်းစက်လှေများ၊ သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

▪️ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၅၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၅၉,၉၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

▪️ ထို့အပြင် သြဂုတ် ၁၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၈၂၈ တန်၊ မီးသွေး ၇ ဒသမ ၃၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၂၆၄ ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင်ငါးဖမ်းရာတွင်အသုံးပြုသည့် သစ်သားကိုယ်ထည် စက်လှေရှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၃၇၀,၅၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၉၀၄,၇၆၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက် ခဲ့ ကြောင်းသိရသည်။

▪️ ၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၅၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၄၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

▪️ သြဂုတ် ၁၆ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့အကျော် ရေဝန်းကျေးရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၉၆၂၆၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး၊ Genlvon Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တံတားဦးမြို့နယ် ကူးတို့ဆိပ်ကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၃၇ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၅၀၂၁၁)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ‌ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၁၂၈၆၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

▪️ ယင်းအပြင် သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် နတ်တလင်းခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၄၇ တန်၊ သစ်မာ ၂ ဒသမ ၅၁၇ တန်၊ အခြားသစ် ၁ ဒသမ ၂၄၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၄၆၁၅) ကို သစ်တောဥပဒေအရလည်း‌ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆၉၄၆၁၅ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။

▪️ သြဂုတ် ၁၇ ရက်တွင်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၂၆ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

▪️ ထို့ကြောင့် သြဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀,၃၈၇,၅၇၂)ကို ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times