#Local_News
Published 11 July 2025
ထိခိုက်ပျက်စီးမှုနည်းသော အပြာရောင် အဆင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ခရီးသွားရာသီကာလ ခရီးသွားများပိုမို ဝင်ရောက်လာချိန်မတိုင်မီ အဆင်သင့်ဖြစ်နေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နေပြည်တော် ဟိုတယ်ဇုန်(၂)အတွင်းရှိ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်ဇုန်(၂)ရှိ ပြိုကျပျက်စီးနေသော အဆောက်အအုံများကို အမြန်ဆုံးဖယ်ရှား ရှင်းလင်းပြီးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်တည်ဆောက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှုနည်းသော အပြာရောင်အဆင့် အဆောက်အအုံများကို ပြန်လည်ပြုပြင် မွမ်းမံ၍ ခရီးသွားရာသီကာလ ခရီးသွားများပိုမို ဝင်ရောက်လာချိန်မတိုင်မီ အဆင်သင့်ဖြစ် နေစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်လုပ်ငန်းများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်စေ ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် ဟိုတယ်နှင့် ဆက်စပ်လုပ်ငန်းများကိုသာ လိုင်စင်သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
#YMG/SW #Yangon_Times