#Local_News
Published 4 July 2025
▪️ ရန်ကုန်မြို့ ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်း တည်ရှိသည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဇူလိုင် ၅ရက်မှ စ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ဖွင့်လှစ်ရာတွင် နံနက်၁၀နာရီမှညနေ ၃ နာရီအထိဖွင့်လှစ်ပြသမည်ဖြစ်ပြီး ရုပ်ရှင်ချစ်သူများ၊ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်သမိုင်းကိုစိတ်ဝင်စားသူများလေ့လာကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။
▪️ ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုပ်ရှင်သမိုင်းပြတိုက်ကို မြန်မာရုပ်ရှင်နှစ် ၁ဝဝ ပြည့်အမီ ၂၀၁၉ ခုနှစ်ကအကြီးစား ပြန်လည်ပြင်ဆင်မှုပြုလုပ်ကာ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်နှင့် ပတ်သတ်သော အကြောင်း အရာများဖြစ်သော နိုင်ငံ၏ ရုပ်ရှင်သမိုင်းတွင်ထင်ရှား ကျော်ကြားခဲ့သော ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ထုတ်လုပ်သူများ၊ ဇာတ်ညွန်းရေးသူများ၊ စသော ရုပ်ရှင်နှင့်ပတ်သတ်ကြသူများ၏ စွမ်းဆောင်မှုများ ကိုပြသထားကြောင်း၊ အကြီးစားပြန်လည်ပြင်ဆင်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်သမိုင်းပြတိုက်တွင် ပြခန်းများအဖြစ် ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတု ပြခန်း၊ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် အကြိုပြခန်း၊ စက်မှုပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်း တို့ပါဝင်ကြောင်း သိရသည်။
▪️ ထို့နောက် ခေတ္တပြန်လည်ပိတ်ထားခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဇူလိုင် ၅ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times