#Local_News
Published_21 May 2025

▪️ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ပြီး လျှပ်စစ်ဓာတ် အားလိုအပ်ချက်ပြည့်မီရုံမက ကျော်လွန်ဦးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

▪️ မေလ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့တွင် ယင်းက လျှပ်စစ်လိုအပ်ချက်နှင့်ပတ်သက်၍ အထက်ပါ အတိုင်း ဥပမာပေးပြောကြားခြင်း ဖြစ်သည်။

▪️ မြန်မာနိုင်ငံတွင် လိုအပ်ချက်ပြည့်မီမှုမရှိသေး၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက် ဆောင် ရွက်နိုင်မည် မဟုတ်သည့်အတွက် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ယခင် ကာလများကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါရှိရင်းစွဲလျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ် ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

▪️ ယင်းက ထင်ရှားသည့် ဥပမာအနေဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ် လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်သည့် အနေအထားသို့ပင်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်တွင်ရေအား၊ လေအားနှင့် နေအားဟူ၍ရှိကြောင်း၊ ရေအားလျှပ် စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများပေါ်၌ ဆောင်ရွက်၍ရနိုင်သည် ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေအနေအရ စီမံကိန်းများရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့်လုပ်ဆောင်၍ ရနိုင်သည့်နေရာများကို ဖော်ထုတ်၍ ဆောင် ရွက်သွားရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များ ပြုလုပ်၍လည်း ရေအားလျှပ်စစ်ထုတ်ယူ၍ရနိုင် မည်ဖြစ် ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံသည် နေသာသည့်နေ့ရက် များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ဆိုလာထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည် အနာဂတ်တွင် လိုအပ်ချက်ကြီးမားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။

#Yangon_Times/PP