#Local_News
Published 10 December 2025
▪️ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့်နည်းပညာအကူ အညီပေးအပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှ သိရသည်။
▪️ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့(APJG)မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ထိရောက်မှန်ကန်စွာ ပြန်လည်ရှင်းလင်းဖြေကြားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက်အလက်များကိုလည်းကောင်း၊ APJG မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ရာတွင် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
▪️ ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့်နည်းပညာအကူ အညီပေးအပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ စီစဉ်ထားရှိရမည့်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် တိုးတက်မှုအစီရင်ခံစာမူကြမ်း စိစစ်ရေးသားရေးအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်အဖွဲ့ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (ဥပဒေရေးရာနှင့် မှုခင်းဌာနကြီး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မှုခင်းရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
#YMG/SW #Yangon_Times