#World_News
Published 16 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သောကြာနေ့က ရုရှားတိုက်လေယာဥ်စက်ရုံတစ်ခုသို့ သွားရောက်ကာ လျင်မြန်စွာ တိုးတက်နေတဲ့ ရုရှားလေကြာင်း နည်းပညာများကို လေးစားသဘောကျကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံ့ပြင်ပမှ ခြိမ်းခြောက်လာနိုင်တဲ့ ရန်များကို အသာရနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ရုရှားတိုက်လေယာဥ်စက်ရုံသို့ ကင်မ်ဂျုံအန်းက သောကြာနေ့မှာ သွားရောက်လေ့လာ ကြည့်ရှုခဲ့တာဖြစ်ပြီး ဒီလိုလည်ပတ်ခြင်းက ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အင်အားတောင့်တင်းလာမှာနဲ့ မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်း အားကောင်းလာမှာကို အမေရိကန်နဲ့ မဟာမိတ်များက စိုးရိမ်နေကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကလည်း ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ရေးစစ်ရာကိစ္စများ၊ ယူကရိန်းစစ်ပွဲအကြောင်းနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ စမ်းသပ်ရေးလေယာဥ်မှူးများနဲ့ တွေ့ဆုံကာ Su-57 လေယာဥ်ပေါ်တက်ပြီး ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဥ်ရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ နည်းပညာပိုင်း လုပ်ဆောင်ချက်များအကြောင်း အသေးစိတ်ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။
စက်ရုံမှထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဥ်ကြီးပေါ် တက်ရောက်ကာ ယင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာမှတ်သားခဲ့ပြီး Su-35 တိုက်လေယာဥ် စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ရုရှားမှာ စနေနေ့အထိ ဆက်ရှိနေဖွယ်ရှိပြီး ဗလာဒီဗိုစတော့မြို့နဲ့ ရေတပ်စခန်းတစ်ခုကို သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်။
ကင်မ်ဂျုံအန်း ခရီးလည်ပတ်စဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးတာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာကျပြီး ဒီအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် တကယ်တမ်း လက်နက်များ ပေးပို့ခြင်း ရှိမရှိကတော့ သေချာမသိရသေးပါဘူး။
#World_News #ရုရှားတိုက်လေယာဥ် #ရုရှားခရီးစဥ်အတွင်း #ကင်မ်ဂျုံအန်း
Source: CNA
- Category: World
#World_Health
Published 16 September 2023
အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက အသက် ၂၀ စာမျှ နုပျိုနေရတဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်မျှဝေခဲ့ပါတယ်။
ငယ်ရွယ်နုပျိုစေတဲ့ ပုံပေါက်နေစေရန် သူမနေ့စဥ်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ ၃ မျိုးကို တစ်တော့ဗီဒီယိုမှာတင်ခဲ့ရာ လိုက်ခ် ၃ သောင်းကျော် ရရှိထားပါတယ်။
ထိုအမျိုးသမီးကြီးရဲ့ တူမဖြစ်သူဟာ သူမရဲ့ @thirtywaves ဆိုတဲ့ တစ်တော့အကောင့်မှာ အဒေါ်ဖြစ်သူကို မိတ်ဆက်ပေးထားပြီး ‘’ဒါကတော့ အသက် ၇၀ အရွယ် အဒေါ်ဖြစ်ပြီးတော့ နုပျိုရခြင်းရဲ့ လျှို့ဝှက်ချက်များကို မျှဝေပေးသွားပါမယ်’’ လို့ ပြောပြသွားပါတယ်။
(၁) ပထမဆုံးအချက်က အရေပြားကို ကုတ်ဖဲ့ ပွတ်ဆွဲခြင်း မပြုလုပ်ဖို့ပါပဲ။
ဒါကို သားရေသားကို ပွတ်လိုက်ရင် အစင်းကြောင်းထင်သွားတာကို ဥပမာပြပြီး ပြောပြခဲ့ပါတယ်။
မျက်နှာအရေပြားကို ညင်သာစွာတို့ပေးဖို့နဲ့ မိတ်ကပ်ဖျက်ဆေးတွေနဲ့ မျက်လုံးနားတဝိုက် မပွတ်ဆွဲဖို့ အကြံပေးခဲ့ပါတယ်။
(၂) နောက်တစ်ချက်ကတော့ မျက်နှာကို တစ်နေ့တစ်ကြိမ်သာ သစ်ဖို့ပါပဲ။
အမျိုးသမီးကြီးက ညဘက်အခါမှာ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ အသုံးပြုပြီး သဘက်ဖြင့် ဖွဖွသုတ်ပေးပါတယ်။
ခဏခဏ မျက်နှာသစ်တဲ့အခါ မျက်နှာရှိ သဘာဝအဆီဓာတ်များ လွင့်စင်သွားပြီး အရေးကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၃) နောက်ဆုံးအချက်ကတော့ မျက်နှာအရေပြား ထိန်းသိမ်းမှုအဖြစ် ရက်တီနောလ် လိမ်းပေးတာပါပဲ။
ဆရာဝန် ညွှန်ကြားချက်ဖြင့် ရက်တီနောလ်လိမ်းဆေး အသုံးပြုရန် အကြံပြုခဲ့ပါတယ်။
အမျိုးသမီးကြီးက ထိုဆေးကို နဖူး၊ ပါး၊ လည်ပင်း၊ ရင်ဘတ်၊ နှုတ်ခမ်း၊ မျက်လုံးဘေးသားတွေမှာ လိမ်းပေးပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောကို သင့်တင့်စွာသာ သောက်သုံးရန်နဲ့ အာဟာရညီညွတ်မျှတစွာ စားသုံးရန်လည်း အကြံပြုသွားပါတယ်။
အဆိုပါ အသက် ၇၀ အမျိုးသမီးကို ကြည့်ပြီး နှစ် ၂၀ စာလောက် ငယ်ရွယ်တယ်ထင်ရကြောင်း ဗီဒီယိုကြည့်ရှုသူတွေက ချီးမွမ်းခဲ့ကြပါတယ်။
#World_Health #လျှို့ဝှက်ချက်(၃)ခု #အသက်(၇၀)အရွယ်အမျိုးသမီး
Source: The Jerusalem Post
- Category: World
#World_Health
Published 16 September 2023
ခဲအဆိပ်သင့်ခြင်းဟာ ကမ္ဘာတဝှမ်းရဲ့ ကျန်းမာရေးအပေါ် ယခင်ထင်ထားတာထက် များစွာပိုမိုသက်ရောက်နေကြောင်း သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
ခဲသတ္တုဟာ တစ်နှစ်ကို လူဦးရေ ၅ သန်းခန့် သေဆုံးစေလျက်ရှိပြီး လေထုညစ်ညမ်းမှုအတွက်လည်း အလားတူ အန္တရာယ်ရှိနေပါတယ်။
ခဲနဲ့ထိတွေ့ရခြင်းက တစ်ကမ္ဘာလုံးမှာ အန္တရာယ်မြင့်မားလာပေမယ့် ခဲသတ္တုပါဝင်တဲ့ ဓာတ်ဆီတွေ မရှိတော့တဲ့နောက် သွေးထဲက ခဲသတ္တုပမာဏ ကျဆင်းလာပါတယ်။
ခဲဆိပ်သင့်ခြင်းကြောင့် ဉာဏ်ရည်ဉာဏ်သွေးအပိုင်း ကျဆင်းလာခြင်းနဲ့ နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးရခြင်းတို့ကို တတ်သလောက်ခန့်မှန်းဖို့ ရည်ရွယ်ခဲ့ကြပါတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်က လေ့လာချက်များအရ တိုင်းပြည်ရဲ့ သွေးထဲကခဲပမာဏကို ခန့်မှန်းအသုံးပြုခဲ့ကြပါတယ်။
သွေးထဲက ခဲပမာဏကြောင့် IQ ကျဆင်းခြင်းကို အခြေခံကာ တစ်ကမ္ဘာလုံးရှိ အသက် ၅ နှစ်အောက် ကလေးများရဲ့ IQ ဆုံးရှုံးမှုကို တွက်ချက်ခန့်မှန်းခဲ့ကြပါတယ်။
အသက် ၂၅ နှစ်နဲ့အထက် လူတွေမှာ ခဲဆိပ်သင့်ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုများကို သုတေသီများ ခန့်မှန်းခဲ့ကြပါတယ်။
ဒီခန့်မှန်းချက်တွေကို တိုင်းပြည်ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ကာ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
လေ့လာချက်အရ ခဲဆိပ်သင့်ခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များမှာ IQ အမှတ်ပေါင်း ၇၆၅ သန်းဆုံးရှုံးခဲ့ပြီး အရွယ်ရောက်ပြီးသူပေါင်း ၅,၅၄၅,၀၀၀ ဦးဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။
နွမ်းပါးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ IQ ဆုံးရှုံးရခြင်းက ယခင်မှန်းထားတာထက် ၈၀ ရာခိုင်နှုန်းနီးပါး မြင့်မားခဲ့ပြီး နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုတွေကတော့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်ထက် ၆ ဆ ပိုများနေပါတယ်။
#World_Health #ခဲဆိပ်သင့်ခြင်း #တစ်ကမ္ဘာလုံး၏ကျန်းမာရေး
Source: WION
- Category: World
တရုတ်နိုင်ငံမှ အာတိတ်သမုဒ္ဒရာသို့ ၁၃ ကြိမ်မြောက် သိပ္ပံနည်းကျဆိုင်ရာ စူးစမ်းလေ့လာရေးခရီးစဥ်ဟာ ယခုလမှာ မြောက်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့ပါပြီ။ ထိုသုတေသနထဲမှာ အဓိကပတ်ဝန်းကျင်ဆိုင်ရာ ဒြပ်စင်များ၊ ဘူမိဗေဒနဲ့ ဘူမိရူပစစ်တမ်းကောက်ယူချက်များလည်း ပါဝင်ပါတယ်။
Published_ 15 September 2023
#Asia_Science #အာတိတ်သမုဒ္ဒရာ #စူးစမ်းလေ့လာရေးခရီးစဥ်
- Category: World
#Daily_News
Published_ 15 September 2023
၁။ မွန်ပြည်နယ်တွင် မိုးကြီးရေလျှံပြီးတောင်ကျရေ၊ မြစ်ရေများကြီးနိုင်၍ မြေနိမ့်ပိုင်းနှင့် မြစ်နားကမ်းနားနေသူများ အရေးပေါ်ရွှေ့ပြောင်းရန်လို
၂။ ယခင်ဈေးမြင့်ပြန်ရဖို့ မျှော်လင့်တာကြောင့် နှမ်းစိုက်တောင်သူများ နှမ်းအကုန်ထုတ်မရောင်း
၃။ တိုင်းရင်းသားများ International School များတွင် Grade-1 မှစပြီး မြန်မာစာသင်ကြားခွင့်ရမည်ဖြစ်၍ ရေရှည်အတွက်ကောင်းနိုင်ဟုဆို
၄။ တရုတ်နိုင်ငံ၏ (၁၃)ကြိမ်မြောက် အာတိတ်သမုဒ္ဒရာစူးစမ်းလေ့လာရေးခရီးစဥ် မြောက်ဝင်ရိုးစွန်းသို့ ယခုလရောက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
၁၅ စက်တင်ဘာ ၂၀၂၃
ပီတ လင်းဂျာရွန်ရတ် သည် သူ၏နေရာကို ဆက်ခံမည့်သူက အတိုက်အခံခေါင်းဆောင် ရာထူးကိုရယူနိုင်ရေး လမ်းဖွင့်ပေးရန်အတွက် ရှေ့သို့ပါတီ(MFP) ၏ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်လိုက်ပါတယ်။
စောင့်ကြည့်ရမည့် TIME100 Next ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များစာရင်းတွင် ပါဝင်ခဲ့တဲ့ မစ္စတာပီတသည် သောကြာနေ့တွင် ၎င်း၏ နုတ်ထွက်သည့်သတင်းစကားကို သူ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှတစ်ဆင့် MFP အဖွဲ့ဝင်များနှင့် သာမန်ပြည်သူများထံပေးပို့ခဲ့ပါတယ်။
သူ၏သတင်းစကားတွင် ပီတ က MFP သည် အတိုက်အခံအစုအဖွဲ့အတွင်း ပါလီမန်အမတ်ဦးရေ အများဆုံးရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့ကို ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆိုင်းငံထားခြင်းခံရသည့်အတွက် သူ့အနေနှင့် အတိုက်အခံခေါင်းဆောင်ရာထူးကို လက်မခံနိုင်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
“လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိုက်အခံခေါင်းဆောင်ဟာ ထိပ်တန်းအတိုက်အခံပါတီကို ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် ကျွန်တော့်ရဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်သေးတာကြောင့် မကြာမီကာလအထိ အတိုက်အခံခေါင်းဆောင်အဖြစ် ကျွန်တော် လက်ခံလိုက်လို့မရပါဘူး” လို့သူကပြောပါတယ်။
“ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ပါတီအမတ်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါ ပါလီမန်စနစ်မှာ အတိုက်အခံခေါင်းဆောင် နေရာက အရေးအကြီးဆုံးဖြစ်ပြီး အောက်လွှတ်တော်မှာ အဓိက အဓိက အတိုက်အခံပါတီက အဲဒီနေရာကို ရယူသင့်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်” လို့ သူကပြောပါတယ်။
“တစ်နည်းဆိုရရင် MFP ဟာ အစိုးရကိုတောင်လျောက်စောင့်ကြည့်ပြီး စစ်ဆေးမှုများပြုလုပ်ပြီး အစိုးရရဲ့ မူဝါဒတွေအထဲမပါတဲ့ ကိစ္စတွေကို ပြောင်းလဲပေးဖို့ တွန်းအားပေးရမယ့် တာဝန်ရှိတဲ့ အတိုက်အခံတွေကို ဦးဆောင်သင့်တယ်”
“ကျွန်တော့်ကို အစားထိုးဖို့ အတိုက်အခံခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကို ဆောင်ရွက် နိုင်တဲ့ လွှတ်တော်အမတ်တစ်ဦးကို ရွေးချယ်နိုင်အောင် MFP ခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ”
အသက်၄၃နှစ်အရွယ်ရှိ ဟားဗတ်ကနေဒီအစိုးရကျောင်းထွက်ဖြစ်သော ပီတက သူသည် MFP အတွက် အလုပ်လုပ်ပေးမည်ဖြစ်ကာ ပြည်သူများအတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ရန် စက်တင်ဘာ ၂၄ ရက်က ဘန်ကောက်မြို့ ဒင်ဒါန်းနယ်မြေရှိ Keelawes အဆောက်အဦ(၁) တွင် MFP ပါတီဝင် များအားလုံး စုဝေးရန် သူကတိုက်တွန်းခဲ့ပါတယ်။
ပါတီ အထွေထွေ အတွင်းရေးမှူး ချိုက်သဝပ်တူလာတွန် သည် သူ့နေရာကို ဆက်ခံမည့် အလားအလာ ရှိသည်ဟု လေ့လာသူများက ခန့်မှန်းထားကြပါတယ်။
Source Bangkok Post
- Category: World
#World_News
Published 15 September 2023
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်ဟာ သေနတ်ရောင်းဝယ်သူတစ်ဦးကို သူ့အား လက်နက်ရောင်းချပေးရန် တိုက်တွန်းခဲ့တယ်ဆိုပြီး ကြာသပတေးနေ့က ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။
ဒါဟာ အဖေဖြစ်သူ ဂျိုးဘိုင်ဒင် လာမယ့်နှစ် ရွေးကောက်ပွဲ ပြန်လည်ယှဥ်ပြိုင်မယ့်အပေါ် တရားဥပဒေပြိုင်ဘက်များက စဥ်းစားချင့်ချိန်လာဖွယ် ရှိနေပါတယ်။
ဒယ်လာဝဲလ်ရှိ အမေရိကန်ခရိုင်တရားရုံးမှာ အမှုတင်လိုက်တာဟာ လက်ရှိသမ္မတတစ်ဦးရဲ့ သားဖြစ်သူကို ပထမဆုံးတရားစွဲဆိုမှုဖြစ်ရပ် ဖြစ်နေပါတယ်။
ဟန်တာဘိုင်ဒင်ကို အမှု ၃ မှုဖြင့် တရားစွဲထားကာ တရားမဝင်ဆေးဝါးများ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး လိမ်လည်ထွက်ဆိုခဲ့တဲ့အပြင် ထိုအချက်ကြောင့်ပဲ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကနေ သူ့ကိုပိတ်ပင်ထားတာ ဖြစ်ပါတယ်။
အသက် ၈၀ အရွယ် ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရမ့်ဟာလည်း ရာဇဝတ်မှု ၄ ခုဖြင့် ရင်ဆိုင်နေရပါတယ်။
ဒီအမှုစွဲချက်တွေဟာ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲစည်းရုံးရေးတွေမှာ ပြင်ပအခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဟန်တာဘိုင်ဒင်အပေါ် တရားစွဲဆိုချက် အသစ်တွေကို အမေရိကန်အထူးရှေ့နေ ဒေးဗစ်ဝစ္စက ဖော်ထုတ်လာတာဖြစ်ပြီး အမေရိကန်အခွန်ဥပဒေကိုတော့ ချိုးဖောက်ခြင်းမရှိဘူးလို့ ဆိုလိုက်ပါတယ်။
ဖြစ်လာနိုင်တဲ့ တရားစွဲဆိုချက်တွေကို ကိုလံဘီယာခရိုင် ဒါမှမဟုတ် လော့စ်အိန်ဂျလိစ်အခြေစိုက် ကယ်လီဖိုးနီးယား အလယ်ပိုင်းခရိုင်တို့မှာ ဖြေရှင်းဖို့လိုအပ်တယ်လို့ ဆိုပြီးနောက် ဘိုင်ဒင်တွေနဲ့ပတ်သက်ပြီး အခွန်ကိစ္စ လေ့လာစုံစမ်းမှုက ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
၂၀၁၈ အောက်တိုဘာလမှာ ဟန်တာဘိုင်ဒင်က ကော့ကိုဘရာသေနတ် ဝယ်ယူခဲ့စဥ် မူးယစ်ဆေးဝါး အသုံးပြုတာနဲ့ ပတ်သက်ပြီး လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေများက စွပ်စွဲထားပါတယ်။
နိုင်ငံခြားစီးပွားရေးကိစ္စများ ဟန်တာဘိုင်ဒင်ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး သမ္မတဘိုင်ဒင်ကို အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များက စုံစမ်းစစ်ဆေးခွင့်ပြုလိုက်ပြီးနောက် ၂ ရက်အကြာမှာပဲ အခုလိုတရားစွဲဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ကာ လွှတ်တော်တစ်ခုလုံးထံမှ မဲဆန္ဒကောက်ခံခြင်းမရှိဘဲ ပြုလုပ်ကြတာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်မှု တစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။
လက်နက်ကိုင်ဆောင်ခွင့်ကို အကာအကွယ်ပေးထားတဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်အရ အမေရိကန်အထက်တရားရုံးက ပြီးခဲ့တဲ့နှစ်က လက်နက်ကိုင်ဆောင်ခွင့် တိုးချဲ့သတ်မှတ်ခဲ့ပြီးနောက် ဘိုင်ဒင်အပါ် လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်တဲ့ တရားစွဲဆိုချက်တွေ တင်သွင်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိန်ခေါ်ရာရောက်တယ်လို့ ကျွမ်းကျင်သူအချို့က ဆိုပါတယ်။
#World_News #ဟန်တာဘိုင်ဒင် #ဂျိုးဘိုင်ဒင် #ပထမဆုံးစွဲချက်တင်ခံရ
Source: Reuters
- Category: World