#World_News
Published 16 September 2023


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သောကြာနေ့က ရုရှားတိုက်လေယာဥ်စက်ရုံတစ်ခုသို့ သွားရောက်ကာ လျင်မြန်စွာ တိုးတက်နေတဲ့ ရုရှားလေကြာင်း နည်းပညာများကို လေးစားသဘောကျကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံ့ပြင်ပမှ ခြိမ်းခြောက်လာနိုင်တဲ့ ရန်များကို အသာရနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

 

အနောက်တိုင်းမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ရုရှားတိုက်လေယာဥ်စက်ရုံသို့ ကင်မ်ဂျုံအန်းက သောကြာနေ့မှာ သွားရောက်လေ့လာ ကြည့်ရှုခဲ့တာဖြစ်ပြီး  ဒီလိုလည်ပတ်ခြင်းက ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ် အင်အားတောင့်တင်းလာမှာနဲ့ မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်း အားကောင်းလာမှာကို အမေရိကန်နဲ့ မဟာမိတ်များက စိုးရိမ်နေကြပါတယ်။

 

ဗုဒ္ဓဟူးနေ့တုန်းကလည်း ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတပူတင်တို့ဟာ စစ်ရေးစစ်ရာကိစ္စများ၊ ယူကရိန်းစစ်ပွဲအကြောင်းနဲ့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးတို့အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

ကင်မ်ဂျုံအန်းဟာ စမ်းသပ်ရေးလေယာဥ်မှူးများနဲ့ တွေ့ဆုံကာ Su-57 လေယာဥ်ပေါ်တက်ပြီး ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဥ်ရဲ့ ပျံသန်းမှုစွမ်းရည်နဲ့ နည်းပညာပိုင်း လုပ်ဆောင်ချက်များအကြောင်း အသေးစိတ်ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။

 

စက်ရုံမှထုတ်လုပ်တဲ့ ခရီးသည်တင်လေယာဥ်ကြီးပေါ် တက်ရောက်ကာ ယင်းရဲ့စွမ်းဆောင်ရည်ကို လေ့လာမှတ်သားခဲ့ပြီး Su-35 တိုက်လေယာဥ် စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပါတယ်။

 

ကင်မ်ဂျုံအန်းဟာ ရုရှားမှာ စနေနေ့အထိ ဆက်ရှိနေဖွယ်ရှိပြီး ဗလာဒီဗိုစတော့မြို့နဲ့ ရေတပ်စခန်းတစ်ခုကို သွားရောက်လည်ပတ်ဖွယ် ရှိပါတယ်။

 

ကင်မ်ဂျုံအန်း ခရီးလည်ပတ်စဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးသဘောတူညီချက် တစ်စုံတစ်ရာ လက်မှတ်ရေးထိုးတာမျိုး မရှိဘူးလို့ ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ရာကျပြီး ဒီအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်များ ထောက်ပံ့နေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် တကယ်တမ်း လက်နက်များ ပေးပို့ခြင်း ရှိမရှိကတော့ သေချာမသိရသေးပါဘူး။

 

#World_News #ရုရှားတိုက်လေယာဥ် #ရုရှားခရီးစဥ်အတွင်း #ကင်မ်ဂျုံအန်း
Source: CNA