#Local_Health
Published_ 11 March 2022
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေ၍ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းခုနစ်မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားပါတယ်။
၎င်း အလှကုန်ပစ္စည်း ၇ မျိုးမှာ (၁) Via Letvass Eye-Shadow Palette ၊ (၂) Comfor Beauty Matte Lip Stick (12) ၊ (၃) LALCUME Excellent Day Cream LD-402 ၊ (၄) LALCUME Excellent Day Cream LN 403 ၊ (၅) AIFUBAO Whitening Red Ginseng Whitening and Anti– Freckle Trial Pack (Day Cream) ၊ (၆) AIFUBAO Whitening Red Ginseng Whitening and Anti – Freckle Trial Pack (Night Cream) နှင့် (၇) Sky Whitening Moisturizing Skin Care Cream (Pearl Collagen Pure Natural Cream) တို့ဖြစ်ကြပါတယ်။
တားမြစ်ဓာတုပစ္စည်းများဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ FDA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံး၀မပြုလုပ်ရန် တားမြစ်ထားပါတယ်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ-၃ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က အသိပေးချက် ထုတ်ပြန်ထားပါတယ်။
#ymg_mnn
#Yangon_Media_Group
- Category: Myanmar
#LocalNews
Published - 11 March 2022
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ကြသူများအား ယခုကာလတွင် စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်နေသည်မှာ မဟုတ်မှန် ကြောင်းနှင့် ထိုသို့ စစ်ဆေးမှုများကိုလည်း ပြုလုပ်ခြင်းမရှိဘူးလို့ သိရပါတယ်။
ကျိုက်ထီးရိုးသို့ လာရောက်ကြသူများအား ပုံမှန်မေးမြန်းယုံလောက်သာ ပြုလုပ်ပြီး သွားလာခွင့်ပြုနေကြောင်းနှင့် ဒေသနယ်မြေအခြေအနေမှာလည်း တည်ငြိမ်အေးချမ်းလျက်ရှိတယ်လို့ ကျိုက်ထီးရိုးဒေသခံတစ်ဦးက ပြောပါတယ်။
"အခုကာလမှာ စစ် ဆေး ရေး တွေ ဘာတွေတော့မရှိပါဘူး။ စစ်ဆေးတယ်ဆိုတာကလဲ ဘယ်သွားမလဲဆိုတာလောက်ပဲ မေးတာပါ။ လမ်းကြောင်းလည်း ကောင်းပါတယ်။ နယ်မြေဒေသအခြေအနေလည်း အေးပါတယ်။ ဘုရားဖူးတွေအတွက် ဘာအနှောင့်အယှက်မှ မရှိပါဘူး။"လို့ ကျိုက်ထီးရိုးဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိတွင် ကျိုက်ထီးရိုးစေတီကြီးကို ပုံမှန်ဖွင့်လှစ်ပေးထားပြီး တောင်တက်ကားများကိုလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
သို့သော်လည်း ယခုကာလမှာတော့ ကပ်ရောဂါအခြေအနေကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြှော်သူကတော့ နည်းပါးလျက်ရှိနေတာဖြစ်ပါတယ်။
"ဘုရားဖူးကတော့ ဒီကာလမှာ ပုံမှန်ထက်တော့ အတော်လေးပါးတာပေါ့။ တစ်ရက်ကို ၃၀၀ ၊၄၀၀ လောက်ပဲတက်တယ်။ ရောဂါ တွေကလည်းရှိနေတယ်၊ စာမေးပွဲကာလလည်းဖြစ်နေတော့ ဘုရားဖူးတွေပါးတာပါ။ အားလုံးပြီးသွားရင်တော့ ပြန်စည်သွားမှာပါ။ အခုက စစ်တာဆေးတာလည်း ဘာမှမရှိပါဘူး။ လူတွေက သူ့ဘာသူကြားပြီးတော့သာ သို့လောသို့လောဖြစ်နေကြတာလေ။ ဘာမှမရှိပါဘူး လမ်းကြောင်းက ကောင်းပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
- Category: Myanmar
#DailyNews
Published - 11 Mar 2022
၁။ ကျိုက်ထီးရိုးတောင်တန်းဒေသသို့ ခရီးသွားဝင်ရောက်မှု ပုံမှန်ထက်ကျဆင်းနေ
၂။ ကိုဗစ်အာမခံ စိတ်ဝင်စားသူများပြား
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ကြုံတွေ့နေရသော ကင်ညာနိုင်ငံမှဘွန်ဂိုတောဆိတ်များအား စောင့်ရှောက်ကယ်ဆယ်ပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#LocalNews
Published - 11 Mar 2022
မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့အစည်းအဝေးအရ မှတ်ပုံတင်လက်မှတ် ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း မတ်လ ၁၁ ရက် နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။
မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်ကို ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ငွေရေးကြေးရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် တွင် စတင်ခွင့်ပြုခဲ့ကာ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက် တွင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရသည်။
အဆိုပါလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အခြားအဖွဲ့အစည်းများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊မှတ်ပုံတင်လက်မှတ် စည်းကမ်းမလိုက်နာခြင်း၊ လုပ်ငန်းများကို ကောင်းစွာအကောင်အထည်ဖော်ဆောင်ရွက်မှု မရှိခြင်း၊လက်ရှိတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိတော့ခြင်း၊ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ထူထောင်ခြင်း၊လုပ်ငန်းဆောင်ရွက်ခြင်းနှင့်လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များအတွက် သတ်မှတ်ချက်များကို မလိုက်နာခြင်း၊ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာများ မတင်ပြနိုင်ခြင်းတို့ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ On-site နှင့် Off-site စစ်ဆေးမှုများအရ အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာမှုမရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့အစည်းအဝေးအရ မှတ်ပုံတင်လက်မှတ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ရုတ်သိမ်းထားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Medis_Group
- Category: Myanmar
#Local_Health
Published_ 11 March 2022
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူထားသူများတွင် ရောဂါကြောင့်သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်တာကိုတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာတွင် သုတေသနပြုလေ့လာချက်များအရ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းအားဖြင့် ရောဂါဝင်ရောက်ကူးစက်နိုင်မှုကို ၅ ဆ အထက်၊ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုကို ၁၀ ဆ အထက်၊ ရောဂါကြောင့်သေဆုံးရမှုကို ၁၀ ဆ အထက် လျော့ချနိုင်တာကို တွေ့ရှိရတယ်လို့ဆိုပါတယ်။
မတ်လ ၁၀ ရက် ဒီကနေ့တွင် COVID-19 ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉,၇၂၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၄၂ ဦး တွေ့ရှိရပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၄.၇၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ယနေ့အထိ ဓာတ်ခွဲနမူနာ ၇,၃၃၅,၃၉၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ လူနာ စုစုပေါင်းမှာ ၆၀၃,၂၆၃ ဦးဖြစ်ကာ၊ ၅၅၃,၈၉၁ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ဖြစ်ပါတယ်၊ ယနေ့ထပ်မံသေဆုံးသူ ၃ ဦးရှိသဖြင့် သေဆုံးသူစုစုပေါင်း ၁၉,၄၀၁ ဦး ရှိပြီဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများအပါအဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#ymg_mnn
#Yangon_Media_Group.
- Category: Myanmar
#LocalNews
Published_11 March 2022
ရခိုင်ပြည်နယ် ကျောက်ဖြူကမ်းခြေသို့မျောပါလာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB (02) ထံ လွှဲပြောင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက ထုတ်ပြန်လိုက်သည်။
ယင်းငါးဖမ်းစက်လှေမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၇ နာရီအချိန်ခန့်က ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ NCR အအေးခန်းစက်ရုံအနီး ပင်လယ်ကမ်းခြေ၌ မျောပါလာသည်ကို ကျောက်ဖြူအာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်၍ ရေစီးဖြင့်မျောပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငါးဖမ်းသမားများအား ကျောက်ဖြူလဝကနှင့် အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးနောက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး၏အကူအညီဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း၊ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းများ အကောင်အထည်ပေါ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူက ပြောသည်။
အဆိုပါ ၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက် (ကယုချောင်း)မြို့နယ် ၊ နိုဝါခါလီကျေးရွာ၊ ရာဇာဆားရတ်မှ ဖြစ်ကြကြောင်းလည်း သိရသည်။
ymg/mt
photo - BCS
#Yangon_Media_Group
- Category: Myanmar
#LocalNews
Published 11 March 2022
မုံရွာမြို့ ၊ ဇလုပ်ကျေးရွာ၊ ကျောက္ကာ ဆီဆိုင်တန်းတွင် ဒီကနေ့(မတ်လ ၁၁ ရက်)၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ ဒီကနေ့ နံနက် ၇ နာရီကျော်အချိန်က စတင်ခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့ဝင်တွေက အချိန်တစ်နာရီကြာ ကြိုးစားငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
"သူက ဆီဆိုင်တန်း တွေပဲပေါ့ ဘယ်ကစလောင်လဲဆိုတာတော့ မသိရသေးဘူး။ သူက လူနေအိမ်တော့မရှိဘူး၊ ဆီဆိုင်တန်းတွေဘက်ပဲလောင်သွားတာပေါ့။ အခု အဲ့ဒီဆီဆိုင်တန်းက ဖွင့်တော့မဖွင့်တော့ဘူး။
ဒါပေမယ့် ဆီတွေဘာတွေသိုလှောင်ထားတာတွေတော့ရှိတာပေါ့ ။ လောင်တာကတော့ တစ်ခန်းထဲပါ၊ ဆီပေပါက ၁၅ လုံးပတ်ချာလည်လောက်ရှိပါတယ်။ လူထိခိုက်ဒဏ်ရာရမှုကတော့ မရှိခဲ့ပါဘူး။"လို့ မုံရွာမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်ကိုကို က YMG ကိုပြောပြခဲ့ပါတယ်။
အဆိုပါ ကျောက္ကာ ဆီဆိုင်တန်း မီးလောင်မှုကို စစ်ကိုင်းတိုင်းမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၁)စီး၊ LUF 60 ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
"ကျွန်တော်တို့အသင်းကတော့ ကယ်ဆယ်ရေးယာဉ် (၁)စီးနဲ့ လူနာတင်ယာဉ် (၂)စီးထွက်ခွာပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မီးလောင်ပြင်ဖိနပ်လိုအပ်ချက်ကြောင့် အဖွဲ့သားတစ်ဦး ခြေထောက်မီးအနည်းငယ်ဟက်ခံခဲ့ရပါတယ်။ ကျန်တဲ့လူထိခိုက်မှုကတော့ မရှိခဲ့ပါဘူး။"လို့ ဦးစိန်ကိုကို က ဆက်လက်ပြောပြခဲ့ပါတယ်။
Photo - မြန်မာနိုင်ငံ လူမှုကယ်ဆယ် ရေးအဖွဲ့ချုပ်(မုံရွာ)
ymg/kg
#Yangon_Media_Group
- Category: Myanmar