#Local_Health
Published_ 11 March 2022

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေ၍ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းခုနစ်မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားပါတယ်။

 

၎င်း အလှကုန်ပစ္စည်း ၇ မျိုးမှာ (၁) Via Letvass Eye-Shadow Palette ၊ (၂) Comfor Beauty Matte Lip Stick (12) ၊ (၃) LALCUME Excellent Day Cream LD-402 ၊ (၄) LALCUME Excellent Day Cream LN 403 ၊ (၅) AIFUBAO Whitening Red Ginseng Whitening and Anti– Freckle Trial Pack (Day Cream) ၊ (၆) AIFUBAO Whitening Red Ginseng Whitening and Anti – Freckle Trial Pack (Night Cream) နှင့် (၇) Sky Whitening Moisturizing Skin Care Cream (Pearl Collagen Pure Natural Cream) တို့ဖြစ်ကြပါတယ်။

 

တားမြစ်ဓာတုပစ္စည်းများဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ FDA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံး၀မပြုလုပ်ရန် တားမြစ်ထားပါတယ်။

 

လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ-၃ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က အသိပေးချက် ထုတ်ပြန်ထားပါတယ်။

 

#ymg_mnn
#Yangon_Media_Group