#WorldHealth

+++++++++++++++++++++++++++++++++++

Published_ 9 Oct 2021

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ရောဂါဝေဒနာခံစားရတဲ့အပြင် နောက်ဆက်တွဲ နှလုံးအားနည်းရောဂါပါ ဖြစ်စေနိုင်ကြောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူဖို့ မလိုအပ်တဲ့သူတွေမှာတောင် နောက်တစ်နှစ်အကြာမှာ နှလုံးအားနည်းခြင်းနဲ့ သွေးခဲခြင်းအန္တရာယ် ကြုံတွေ့ရနိုင်ကြောင်း လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းတို့ဟာ ကမ္ဘာတဝန်းမှာ သေဆုံးမှုအဓိကအကြောင်းအရင်းဖြစ်နေပါပြီ။

ကိုဗစ်ရောဂါကူးစက်ခံရမှုကနေ ပြန်လည်သက်သာသွားတဲ့ လူအရေအတွက်ဟာ တစ်ကမ္ဘာလုံးမှာ သန်းပေါင်းရာကျော်ရှိနေပြီး ထိုသူတွေမှာ နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ချေရှိတယ်လို့ လေ့လာချက်တွေအရ သိရှိထားပါတယ်။

"ကိုဗစ်ကြောင့် နောက်ဆက်တွဲရောဂါအခြေအနေတွေ ဖြစ်လာနိုင်တာကို အစိုးရနဲ့ ကျန်းမာရေးအဖွဲအစည်းတွေအနေနဲ့ သတိရှိဖို့ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့နေနေကြတာကို စိုးရိမ်မိတယ်"လို့ ကူးစက်ရောဂါရှာဖွေကုသရေးစင်တာမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာဇိုင်ယက်အယ်လ်အလီက ဆိုပါတယ်။ ကိုဗစ်ရောဂါသက်သာပျောက်ကင်းပြီး ၁၂ လအကြာမှာ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်ခြင်းနဲ့ အခြားနှလုံးသွေးကြောဆိုင်ရာလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပြီး ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်က ပြင်းထန်မှုအပေါ်မူတည်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုမှ သက်သာပျောက်ကင်းလာသူ ၁၅၁၁၉၅ ဦးရဲ့ နောက်ဆက်တွဲနှလုံးရောဂါများ ဖြစ်လာနိုင်ချေကို ကိုဗစ်ရောဂါမကူးစက်ဖူးတဲ့သူ ၃.၆ သန်းနဲ့ နှိင်းယှဉ်ကြည့်တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အမေရိကန်ရှိ အကြီးဆုံးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းက တွေ့ရှိထားတာဖြစ်ပါတယ်။

ထိုတွေ့ရှိချက်တွေမှာတော့ ဆေးရုံတက်ရောက်ကုသခြင်းမရှိခဲ့တဲ့ ကိုဗစ်လူနာတွေဟာ ရောဂါမကူးစက်ခဲ့တဲ့သူတွေနဲ့ယှဉ်ရင် နောက်လာမယ့်နှစ်အတွင်း နှလုံးအားနည်းခြင်းရောဂါဖြစ်ဖို့ ၃၉ ရာခိုင်နှုန်းပိုများပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်တွင်းသွေးခဲခြင်းကတော့ ၂.၂ ဆပိုများတယ်လို့ တွေ့ရှိထားပါတယ်။

ထိုတွေ့ရှိချက်ဟာ ဆေးရုံတက်ကုသခြင်းမခံရတဲ့ လူနာ ၁၀၀၀ မှာ နှလုံးအားနည်းရောဂါဖြစ်ပွားမှု ၅.၈ ယောက်ရှိပြီး အဆုတ်အတွင်းသွေးခဲခြင်း ၂.၈ ယောက်ရှိခဲ့တာကို ထောက်ပြလျက်ရှိနေပါတယ်။ ဆေးရုံတက်ရောက်ကုသခဲ့ရတဲ့ ကိုဗစ်လူနာတွေမှာ နှလုံးအမောဖောက်တဲ့အခြေအနေဖြစ်ဖို ၅.၈ ဆများပြီး နှလုံးကြွက်သားရောင်ရမ်းခြင်းဖြစ်ဖို့ ၁၄ ဆအထိရှိကြောင်း တွေ့ရှိရပါတယ်။

အထူးကြပ်မတ်ကုသမှုခံခဲ့ရတဲ့ ကိုဗစ်လူနာတွေမှာတော့ နောက်ဆက်တွဲရောဂါဖြစ်ပွားနိုင်ချေ တော်တော်များပြီး ၇ ယောက်မှာ ၁ ယောက်က နှလုံးနဲ့ပတ်သက်တဲ့ရောဂါ ပြင်းထန်စွာခံစားနေရတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါလူနာတွေမှာ နှလုံးအားနည်းရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို သုတေသီတို့က ဖြေရှင်းနိုင်ဖို ကြိုးစားနေဆဲဖြစ်ပါတယ်။

ကိုဗစ်ရောဂါကြောင့် လူမှုဆက်ဆံရေးအခြေအနေတွေ စီးပွားရေးအကျပ်အတည်းတွေ ကိုယ်ကာယအခြေအနေပြောင်းလဲမှုတွေနဲ့ စိတ်ထိခိုက်မှုတွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားလာတာဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

Source Bloomberg