#WorldHealth

++++++++++++++++++++++++++

Published- 8 Oct 2021

မိုဒါနာကိုဗစ်ကာကွယ်ဆေးအသုံးပြုခြင်းဖြင့် အသက်ငယ်ရွယ်သူတွေမှာ ရှားပါးနှလုံးသွေးကြောဆိုင်ရာ ဘေးဆိုးကျိုးများဖြစ်ပေါ်နိုင်တာကြောင့် ဆွီဒင်နဲ့ဒိန်းမတ်တို့ မှာ မိုဒါနာကာကွယ်ဆေးအသုံးပြုခြင်းကို ရပ်ဆိုင်းထားကြောင်း ဗုဒ္ဓဟူးနေ့က ဆိုလိုက်ပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့ လူငယ်လူရွယ်တွေနဲ့ လူလတ်ပိုင်းဝင်ခါစ လူရွယ်လေးတွေမှာ နှလုံးကြွက်သားရောင်ရမ်းခြင်းနဲ့ နှလုံးကာအမြှေးပါးရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာနိုင်တာကို တွေ့ရှိရတာကြောင့် ၁၉၉၁ နဲ့နောက်ပိုင်းမွေးဖွားသူတွေကို ကာကွယ်ဆေးထိုးနှံခြင်းမှ ရပ်ဆိုင်းမှာဖြစ်တယ်လို့ ဆွီဒင်ကျန်းမာရေးအေဂျင်စီက ဆိုပါတယ်။

"မိုဒါနာကထုတ်တဲ့ကာကွယ်ဆေး စပိုက်ခ်ဗက်စ် ဒုတိယအကြိမ်ထိုးအပြီးမှာ ဒီလိုကိစ္စတွေသိသိသာသာ ထင်ရှားလာတယ်" လို့ ကျန်းမာရေးအေဂျင်စီက ပြောလိုက်ပြီး ရောဂါကူးစက်နိုင်ခြေကတော့ အလွန်လျော့နည်းသွားကြောင်း ဖြည့်စွက်ပြောကြားသွားပါတယ်။

ငယ်ရွယ်သူတွေမှာ ရှားပါးဖြစ်လေ့ရှိတဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်းနဲ့ နှလုံးကာအမြှေးပါးရောင်ရမ်းခြင်းတို့ကြောင့် သူတိုရဲ့ကာကွယ်ဆေးကို ဆက်လက်အသုံးမပြုဖို ဆုံးဖြတ်လိုက်တဲ့ ဆွီဒင်နဲ့ ဒိန်းမတ်ရဲ့ဆုံးဖြတ်ချက်ကို သိရှိပြီးဖြစ်ကြောင်း မိုဒါနာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖော်ပြထားပါတယ်။

"ဒီလိုဖြစ်ပွားမှုလေးတွေဟာ သာမန်မပြင်းထန်တဲ့ အခြေအနေတွေသာဖြစ်ပြီး ပုံမှန်ကုသမှုခံယူကာ အနားယူလိုက်ပါက အချိန်တိုအတွင်း သက်သာပျောက်ကင်းမှာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရတဲ့ သူတွေမှာသာ နှလုံးကြွက်သားရောင်ရမ်းခြင်း ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ ဒါကိုကာကွယ်ဖိုအကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေးထိုးဖို့ပါပဲ" လိုဆိုပါတယ်။

ကြိုတင်ကာကွယ်မှုအနေနဲ့ အသက် ၁၈ နှစ်အောက်လူငယ်တွေကို မိုဒါနာကာကွယ်ဆေး မထိုးနှံပေးဖို့ ဆုံးဖြတ်လိုက်ပြီး ၁၂ နှစ်မှ ၁၇ နှစ်ကြားလူငယ်တွေအတွက် ဖိုင်ဇာ ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးတို့ကို အဓိကအနေနဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့ ဒိန်းမတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကနဦးထွက်ရှိထားတဲ့ အချက်အလက်တွေအရ မိုဒါနာကာကွယ်ဆေးထိုးထားတဲ့အခါ နှလုံးကြွက်သားရောင်ရမ်းခြင်း ဖြစ်နိုင်ချေရှိတယ်လို့ ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်တွေက ဖော်ပြထားပါတယ်။

ဆွီဒင်နှင့်ဒိန်းမတ်တို့က အခုဆိုရင် ဖိုင်ဇာ ဘိုင်အိုအင်န်တက်ခ်မှ ထုတ်လုပ်တဲ့ ကော်မီယာနတီကာကွယ်ဆေးကို အသုံးပြုရန်ညွှန်ကြားထားပါတယ်။

ကိုဗစ်ရောဂါကာကွယ်ရန် mRNA နည်းပညာအသုံးပြုထားတဲ့ မိုဒါနာနဲ့ ဖိုင်ဇာ ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေးတွေရဲ့ အာနိသင်ကောင်းကျိုးတွေက ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေထက် သာလွန်နေသေးတယ်လို့ အမေရိကန် EU နဲ့ WHO တို့မှ ထိန်းသိမ်းကြီးကြပ်သူတွေက ဆိုလိုက်ပါတယ်။

ဖိုင်ဇာ ဘိုင်အိုအင်န်တက်ခ်နဲ့ယှဉ်ရင် မိုဒါနာကာကွယ်ဆေးကြောင့် နှလုံးကြွက်သားရောင်ရမ်းခြင်း ပိုမိုဖြစ်ပွားနိုင်ကြောင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Source REUTERS