#WorldHealth

++++++++++++++++++++

Published_  8 Oct 2021

ကိုဗစ်ကပ်ရောဂါကြောင့် အိန္ဒိယမှာ သွားလာခွင့်တွေကို တစ်နှစ်ကျော်ပိတ်ပင်ထားခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး ခရီးသွားတွေအတွက် ပြန်လည်သွားလာခွင့်ပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့မှာ နိုင်ငံတော်အစိုးရက ပြောကြားလိုက်ပါတယ်။

အမျိုးမျိုးစဉ်းစားသုံးသပ်ပြီးတဲ့အခါမှတော့ အိန္ဒိယနိုင်ငံကို စင်းလုံးငှားလေယာဉ်တွေနဲ့ လာရောက်မယ့် နိုင်ငံခြားခရီးသွားတွေအတွက် အောက်တိုဘာ ၁၅ ရက်ကစပြီး ခရီးသွားဗီဇာအသစ်တွေထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။
 
စင်းလုံးငှားယာဉ်တွေနဲ့မဟုတ်ဘဲ တခြားလိုင်းတွေနဲ့ အိန္ဒိယကိုလာမယ့် နိုင်ငံခြားဧည့်သည်တွေအတွက်ကတော့ နိုဝင်ဘာ ၁၅ ရက်နေ့မှ ဗီဇာထုတ်ပေးသွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှာ အိန္ဒိယအစိုးရက လော့ဒေါင်းတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပြီး ၂၀၂၀ မတ်လမှာ ခရီးသွားဧည့်သည်တွေရဲ့ ဗီဇာအားလုံးကို ဆိုင်းငံ့ထားတာဖြစ်ပါတယ်။

နိုင်ငံခြားသံတမန်တွေ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကန့်သတ်ထိန်းချုပ်မှုအချို့ကိုတော့ နောက်ပိုင်းမှာဖြေလျှော့ပေးခဲ့ပေမယ့် ခရီးသွားတွေအတွက်ကတော့ ဆက်လက်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းကြောင့် လူအမြောက်အများရောဂါကူးစက်ခံခဲ့ရပြီး နေ့စဉ်ကူးစက်ခံရသူ ၄ သိန်းနဲ့ သေဆုံးသူ ၄၀၀၀ အထိရှိခဲ့ပါတယ်။

ဒါပေမဲ့ လူဦးရေ ၁.၃ ဘီလီယမ်ရှိတဲ့ အိန္ဒိယမှာ ရောဂါကူးစက်မှုနှုန်းဟာ အတော်လေးလျော့ကျလာခဲ့ပြီး နေ့စဉ်ကူးစက်သူ ၂ သောင်းခန့်နဲ့ သေဆုံးသူ ၂၀၀-၃၀၀ ဝန်းကျင်သာ ရှိတော့တာကြောင့် ထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။

Source CNA