#WorldHealth

++++++++++++++++++++++++++++++++++++++++++++

Published - 6 Oct 2021

ဖိုက်ဇာနဲ့ ဘိုင်အိုအန်တက်ခ် ကိုဗစ်ကာကွယ်ဆေးတွေဟာ ပြီးခဲ့တဲ့လတွေမှာ အကျိုးထိရောက်မှု ကျဆင်းလာပြီး ဒုတိယအကြိမ်ဆေးထိုးအပြီး တစ်လအကြာမှာ ထိရောက်မှု ၈၈ ရာခိုင်နှုန်းအထိရှိနေရာက နောက် ၆ လကြာတဲ့အခါ ၄၇ ရာခိုင်နှုန်းသာရှိတော့ကြောင်း ပညာရှင်အချင်းချင်းသုံးသပ်ထားတဲ့ တနင်္လာနေ့ထုတ် The Lancet ဂျာနယ်မှာ လေ့လာသုံးသပ်ထားပါတယ်။

၂ကြိမ်ထိုးရတဲ့ mRNA ကာကွယ်ဆေးဟာ ရောဂါကူးစက်မှုကို ကာကွယ်ရာမှာ အကျိုးအာနိသင်လျော့နည်းလာပေမယ့် ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသမှုကိုတော့ ကာကွယ်ပေးနိုင်ဆဲဖြစ်ပြီး ဒယ်လ်တာအပါအဝင် ကိုရိုနာမျိုးဗီဇကွဲ အားလုံးအတွက်လည်း အနည်းဆုံး ၆လတိုင်အောင် ၉၀ ရာခိုင်နှုန်းအထိ အကျိုးအာနိသင်ပေးနိုင်ကြောင်း ဖိုင်ဇာကထောက်ပံ့ထားတဲ့ တွေ့ရှိချက်မှာ ဖော်ပြထား ပါတယ်။

ကူးစက်ရောဂါကာကွယ်မှုဟာ ပြီးခဲ့တဲ့လတွေအတွင်း ကျဆင်းလာပေမယ့် လူတွေကို ဆေးရုံတက်ရောက်ကုသမှုခံယူစရာမလိုအောင် အကျိုးပြုနေဆဲဆိုတဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာနဲ့ အစ္စရေးကျန်းမာရေးအစိုးရအဖွဲ့တို့ တွေ့ရှိခဲ့တဲ့ အစောပိုင်းသတင်းအချက်အလက်တွေကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ "ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရတဲ့ လတွေမှာ ရောဂါကာကွယ်နှုန်း ကျဆင်းလာ တယ်"လို့ ကိုင်ဆာပါမနန်တီကျန်းမာရေးကုမ္ပဏီမှ အဓိကစာတမ်းပြုစုသူ ကူးစက်ရောဂါကုကျွမ်းကျင်ပညာရှင် ဒေါက်တာဆာရာတာတော့ဖ်က ဆိုပါတယ်။

ကိုင်ဆာပါမနန်တီက ဖိုက်ဇာနဲ့အတူ သုတေသနတွေပြုလုပ်နေတာ ဖြစ်ပါတယ်။တနင်္လာနေ့ညနေမှာ ထုတ်ဝေခဲ့တဲ့ ဒီလေ့လာတွေ့ရှိချက်တွေဟာ ဒီဇင်ဘာ ၄ ရက်မှ ဩဂုတ် ၈ ရက်အထိ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ကိုင်ဆာပါမနန်တီကျန်းမားရေးအဖွဲအစည်းမှ အီလက်ထရောနစ်ကျန်းမာရေးမှတ်တမ်းပေါင်း ၃.၄ သန်းကျော်ကို အခြေခံထားတာဖြစ်ပါတယ်။

လေ့လာဆန်းစစ်တဲ့ကာလအတွင်း ဒယ်လ်တာမျိုးဗီဇကွဲကြောင့်ဖြစ်ရတဲ့ ကူးစက်မှုနှုန်းဟာ ဧပြီလက ၀.၆ ရာခိုင်နှုန်းရှိရာကနေ ဇူလိုင်လမှာ ၈၇ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဖိုက်ဇာကာကွယ်ဆေးရဲ့ ဒယ်လ်တာမျိုးဗီဇကွဲကို ကာကွယ်ခုခံနိုင်စွမ်းဟာ ဒုတိယအကြိမ်ဆေးထိုးပြီး တစ်လအကြာမှာ ၉၃ ရာခိုင်နှုန်းရှိနေခဲ့ပြီး နောက် ၄ လအကြာမှာတော့ ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ဒယ်လ်တာမဟုတ်တဲ့ မျိုးဗီဇကွဲတွေမှာတော့ အကျိုးသက်ရောက်မှုဟာ တစ်လအကြာမှာ ၉၇ ရာခိုင်နှုန်းရှိပြီး ၄ လအကြာမှာတော့ ၆၇ ရာခိုင်နှုန်း အထိကျဆင်းသွားတယ်လို့ တွေ့ရှိရပါတယ်။

လေ့လာဆန်းစစ်တဲ့ကာလအတွင်းမှာ ဒယ်လ်တာကြောင့် ဆေးရုံတက်ရောက်ကုသခံရမှုကို ထိန်းချုပ်ကာကွယ်နိုင်စွမ်းကတော့ ၉၃ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

"ကူးစက်ရောဂါကာကွယ်နိုင်မှု ကျဆင်းရတဲ့အကြောင်းရင်းက အာနိသင်လျော့နည်းလာတာကြောင့် ဖြစ်ဖိုများပါတယ်၊ ဒယ်လ်တာနဲ့ အခြားမျိုးဗီဇကွဲတွေကို ကာကွယ်ဆေးက မထိန်းချုပ်နိုင်တော့တာမျိုးတော့ မဟုတ်ပါဘူး" လို ဖိုက်ဇာကာကွယ်ဆေးထုတ်လုပ်ရေးမှ ဆေးမှူး ဒေါက်တာလူးဝစ်ဂျိုဒါက ဆိုပါတယ်။

Source CNBC