#WorldHealth

+++++++++++++++++++++++++++++++++++++++++++++

Published 5 Oct  2021

ကိုဗစ်ကပ်ရောဂါအစမှာ ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ နှိုင်းရင် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ခံရပါက ကာကွယ်ဆေးမထိုးနှံထားတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာနိုင်ကြောင်း အချက်အလက်အသစ်တွေမှာ အကြံပြုထားပါတယ်။

၂၀၂၀ မေလမှ ၂၀၂၁ စက်တင်ဘာ ၄ရက်နေ့အထိ ဒဲလက်စ်ရှိ လူမှုကျန်းမာရေးအဖွဲ့အစည်းမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်ရောဂါကူးစက်သူ ကိုယ်ဝန်ဆောင် ၁၅၁၅ ဦးကို ဆရာဝန်တွေက လေ့လာခဲ့ရာမှာ ၈၂ ဦးထဲက ၈၁ ဦးက ရောဂါပြင်းထန်စွာခံစားရပြီး ၁၀ ဦးက အသက်ရှူကိရိယာလိုအပ်ကာ ၂ ဦးသေဆုံးခဲ့ပါတယ်။

၂၀၂၁ အစောပိုင်းမတိုင်ခင်  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ရောဂါပြင်းထန်မှုအခြေအနေ ၅ ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီနဲ့ မတ်လအများစုမှာ အတော်လျော့နည်းခဲ့တယ်လို့ သုတေသီတွေက ထုတ်ပြန်ခဲ့ပါတယ်။

နွေနှောင်းပိုင်းမှာတော့ ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုမြင့်မားလာတဲ့အချိန်မှာ ဆေးရုံတက်ရောက်ကုသမှုခံခဲ့ရတဲ့ ကိုဗစ်ရောဂါသည်ကိုယ်ဝန်ဆောင်အချိုးအစားဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ အမေရိကန်သားဖွားမီးယပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းကူးစက်မှု အခြေအနေတွေ ပိုမိုဖြစ်လာနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေမှာ ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်မှုအန္တရာယ်လျှော့ချနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း တက္ကဆက်အနောက်တောင်ဆေးကုသမှုစင်တာ တက္ကသိုလ်မှ သုတေသီခေါင်းဆောင် အမ်မလီအက်ဟီကာရီက ဖော်ပြထားပါတယ်။

ကိုယ်ဝန်သည်တွေ လက်ရှိကိုယ်ဝန်ဆောင်သူတွေ နိုတိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖြစ်လာမယ့် အမျိုးသမီးတွေမှာ ကိုဗစ်ကာကွယ်ဆေး တိုးမြှင့်ထိုးနှံပေးခြင်းကို အဆောတလျင်ဆောင်ရွက်ရမယ့် ကိစ္စအဖြစ် လုပ်ဆောင်ကြဖို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက တောင်းဆိုလိုက်ပြီး ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးက ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်ထက် ပိုများပါတယ်လို့ ဆိုပါတယ်။

Source REUTERS