Published 5 Oct 2021

ဖေ့စ်ဘုတ်ခ် Facebook၊အင်စတာဂရမ်Instagramနှင့် ဝှတ်စ်အက်ပ်WhatsApp တို့ဟာ ခြောက်နာရီခန့်ပြတ်တောက်ခဲ့ပြီးနောက် အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲပိုင်းခန့်(မြန်မာစံတော်ချိန်မနက်စောစောပိုင်း)မှာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နှင့် အနည်းဆုံး ယင်းရဲ့ အစိတ်အပိုင်းတစ်ခု ပြန်လည်ချိတ်ဆက်နေပြီလို့ ရိုက်တာက ရေးသားပါတယ်။

အဲဒီဆိုရှယ်ပလက်ဖောင်း(၃)ခုဟာ အရှေ့ပိုင်းစံတော်ချိန်မွန်းတည့်ချိန်( မြန်မာစံတော်ချိန်ည၁၀နာရီခွဲခန့်)ခန့်မှာ စတင်ပြတ်တောက်ခဲ့ပြီး ဒါဟာ မြင်ခဲ့ဖူးသမျှမှာ အကြီးဆုံးပြတ်တောက်မှုတစ်ခုဖြစ်တယ်လို့ ဝက်ဘ်ဆိုက်စောင့်ကြည့်ရေးအဖွဲ့ ဒေါင်းဒီတက်တာ Downdetector က ပြောပါတယ်။

အရှေ့ပိုင်းစံတော်ချိန် ညနေ၅နာရီ၄၅မိနစ်(မြန်မာစံတော်ချိန် မနက်၄နာရီ၁၅မိနစ်)ခန့်မှာ အချို့သော အသုံးပြုသူတွေဟာ အဲဒီ အက်ပလီကေးရှင်းသုံးခုကို တစ်စိတ်တစ်ပိုင်းလိုက်ပြန်လည်အသုံးပြုလို့ရလာပါတယ်။

တနင်္ဂနွေနေ့က ဖေ့စ်ဘုတ်ခ်ဟာ အမုန်းစကားနှင့်သတင်းမှားတွေ ဖျက်ထုတ်ဖို့ထက် အမြတ်ကိုဦးစားပေးတာဘဲ ထပ်ခါတလဲလဲ လုပ်နေတယ်လို့ သတင်းပေးသူတစ်ဦးက စွပ်စွဲလိုက်ပြီးနောက် ယခုပြတ်တောက်မှုဟာ ဖေ့စ်ဘုတ်ခ်အတွက် ဒုတိယမြောက် အရှိန်အဟုန်ဖြင့်ရိုက်ခတ်မှုဖြစ်ပါတယ်။

“ ကျွန်တာ်တို့ကိုမှီခိုနေကြတဲ့ လုပ်ငန်းအသေးအကြီးအားလုံး၊မိသားစုတွေနှင့် လူတစ်ဦးချင်းစီကို ကျွန်တော်စိတ်မကောင်းပါဘူး” လို့ ဖေ့စ်ဘုတ်ခ်ရဲ့ နည်းပညာအရာရှိချုပ် မိုက်စကရော့ဖ်ဖာက တွစ်တာမှာရေးခဲ့ပါတယ်။ တစ်ရာ ရာနှုန်းပြည့်ပြန်ရဖို့ အချိန်နည်းနည်းပေးရမယ်လို့လည်း သူကပြောပါတယ်။

သုံးစွဲသူပေါင်း ၂ဘီလျံခန့်ရှိတဲ့ ဖေ့စ်ဘုတ်ခ်ရဲ့ရှယ်ယာတွေဟာ တနင်္လာနေ့မှာ ၄.၉ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ဒါဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကတည်းကဆိုရင် အများဆုံးကျဆင်းမှုဖြစ်ပါတယ်။

လုံခြုံရေးပိုင်းဆိုင်ရာကျွမ်းကျင်သူတွေက အခုလိုပြတ်တောက်ရတာဟာ ဖေ့်စ်ဘုတ်ခ်ရဲ့ လုပ်ငန်းအတွင်းက အမှားတစ်ခုခု ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အတွင်းလူတစ်ဦးဦးရဲ့ အဖျက်အမှောင့်လုပ်တာဟာ သီအိုရီအရ ဖြစ်နိင်ချေရှိတယ် လို့လည်းဆိုပါတယ်။

“ ဖေ့စ်ဘုတ်ခ်ဟာ သူ့ကားသော့ကို သူ့ရဲ့ကားထဲမှာ သော့ပိတ်ထားမိသလိုပဲ” လို့ ဟားဗတ်ရဲ့ ဘာ့ခ်မင်ကလိန်းအင်တာနက်နှင့် လူ့အဖွဲ့အစည်းစင်တာရဲ့ညွှန်ကြားရေးမှုး ဂျိုနက်သန်ဇစ်ထရိန်းက ပြောပါတယ်။

Source Reuters