Published 4 October 2021

မြင့်မားတဲ့ဝင်ငွေကွာဟချက်၊ ဆိုးရွားလာနေတဲ့ အိမ်ထောင်စုအကြွေးတွေ၊ပြင်းထန်တဲ့ တဲ့ပြိုင်ဆိုင်မှုတွေကြားက အသန်စွမ်းဆုံး အသက်ရှင်နေထိုင်မှု..။

အခုအခါ နက်ဖလစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေပြဇယားမှာ နံပါတ်တစ်နေရာ ချိတ်နေပြီး ဆိုရှယ်မီဒီယာတွေမှာ ဆူညံနေတဲ့ တောင်ကိုးရီးယားရဲ့ လျို့ဝှက်သည်းဖို့ ရုပ်သံစီးရီး စကွစ်ဂိမ်း Squid Game ဟာ တကယ်တမ်းဆိုရင် အရှေ့အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုးရီးယားကို ထင်ဟပ်နေတဲ့  ကြီးကျယ်တဲ့ တင်စားမှုကြီးတစ်ခုလို့ မှတ်ယူရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တောင်ကိုးရီးယားရဲ့ပြည်သူတွေဟာ များစွာသော ခက်ထန်ကြမ်းတမ်းမှု အစစ်အမှန်တွေနှင့် ရင်ဆိုင်နေကြရလို့ဖြစ်ပါတယ်။

အွန်လိုင်းပေါ်ကပြည်သူ(နက်တစ်ဇင်)တစ်ဦးက “ ကျွန်တော် စကွစ်ဂိမ်းကစားနေခဲ့ရတာ နှစ်ပေါင်း ၃၀ရှိပါပြီ” လို့ ရေးခဲ့ပါတယ်။

အပိုင်း(၉)ပိုင်းရှည်လျားတဲ့ အဲဒီဒရာမာက  လူပေါင်း ၄၅၆ ဦးဟာ မာဘယ်လ်နှင့် တပ်အော့ဖ်ဝါး tug-of-war အစရှိတဲ့ ကလေးဘဝဂိမ်းတွေကို  ဘယ်လိုကစားကြသလဲ၊ တောင်ကိုးရီယားဝမ် ၄၅.၆ ဘီလျံ(စင်္ကာပူဒေါ်လာ ၅၂သန်း) ငွေသားဆု ရအောင် ဘယ်လောက်အထိကြောက်စရာကောင်းတဲ့ လှည့်စားမှုတွေနှင့် ကစားကြသလဲဆိုတဲ့ ဇာတ်လမ်းကိုပြောပြထားပါတယ်။

ဒီစီးရီးရဲ့ အဓိကဇာတ်ကောင်းတစ်ဦးက ဂီဟွန်းပါ။  သူဟာ ဘဝကို အလုပ်အကိုင်မရှိ နေစရာမရှိတဲ့ ရုန်းကန်နေရပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်လာခဲ့ပါတယ်။အဲဒါကလည်း ၂၀၀၉ခုနှစ်တုန်းက ဆန်ယောင်းမော်တာ ကုမ္ပဏီက အလုပ်သမား ၂၆၀၀ဦး အလုပ်ဖြုတ်ပစ်ခဲ့တာကို အထင်းသားသတိပေးထားသလိုဖြစ်စေပါတယ်။ အလုပ်ပြုတ်လာပြီးနောက် ဂီဟွန်းဟာ ကြက်ကြော်ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ဆုံးတော့ ဝမ် သန်း၄၀၀ အကြွေးတင်တာပဲအဖတ်တင်ခဲ့ရပါတယ်။

အဲဒီနောက် သူဟာ ဆီးချိုရောဂါသည် မိခင်ကြီး ခွဲစိတ်ဖို့နှင့် သူ့ဇနီးဟောင်းဆီက သူ့သမီးကိုပြန်ရယူထိန်းသိမ်းခွင့်ရဖို့ အတွက် လိုတဲ့ပိုက်ဆံရအောင် သူဟာ စကွစ်ဂိမ်းကစားတာနှင့် ပူးပေါင်းလိုက်ပါတယ်။

စကွစ်ဂိမ်းကို ရေးသားရိုက်ကူးတဲ့ ဒါရိုက်တာ မစ္စတာဟွမ်းဒွန်ယတ်က “ အရင်းရှင်လူ့အဖွဲ့အစည်းတစ်ခုမှာ ဂီဟွန်းလိုပဲ လူတိုင်းဟာ ကျရှုံးသွားနိုင်တယ် လို့ပြောပါတယ်။ “ ကိုဗစ်-၁၉ဟာ လူတွေ အများကြီးကို ကိုယ်တိုင်ရှာစားရတဲ့ ဘဝကို တွန်းပို့ခဲ့တယ်။ အဲဒါကို ကျွန်တော့်ရဲ့ ဇာတ်ကောင်တွေထဲ အမိအရဖမ်းဆုပ်ပြချင်ခဲ့ပါတယ်” လို့  မစ္စတာဟွမ်းက ပြောပါတယ်။

ကြီမားလှတဲ့ စီးပွားရေးအုပ်စုကြီးတွေဖြစ်တဲ့ ဆမ်ဆောင်း၊အက်စ်ကေနှင့် ဟွန်ဒေးတို့ရဲ့ ဇာတိချက်ကြွေဖြစ်တဲ့ အလျောက် တောင်ကိုးရီးယားဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံတွေထဲမှာ အဆင့်(၁၀)ချိတ်ထားပါတယ်။ မီမိုရီချစ်ပ်၊ စမတ်ဖုန်းနှင့်အခြားသော လူသုံးအီလက်ထရွန်းနစ်ပစ္စည်းတွေရဲ့ တင်ပို့မှုမြင့်မားတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် မိုးထောင်တက်နေတဲ့ အိမ်ခြံမြေဈေးတွေနှင့် အိမ်ထောင်စုအကြွေးတွေပိနေတာ၊ ဝင်ငွေကွာဟမှုတွေ ပိုပိုဟလာတာနှင့် လူငယ်တွေ အလုပ်လက်မဲ့နှုန်းမြင့်မားနေတာတွေ အဲဒါတွေအားလုံးဟာ ကပ်ဘေး ကြောင့်ပိုကြီးမားလာတာကြောင့် လူတော်တော်များများ ထိခိုက်ခံစားနေကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အိမ်ထောင်စုတွေရဲ့ အကြွေးတွေဟာ ၁၈၀၆ထရီလီယံဝမ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ဆယ်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်ခဲ့တာပါ။ အိမ်ခြံမြေဈေးတွေတက်လာမှာကိုစိုးရိမ်ပြီး လူတွေက အိမ်တွေအလုအယက်ထပ်ဝယ်ကြတဲ့အတွက် အိမ်ချေးငွေလိုအပ်ချက်မြင့်မားလာခဲ့တာကလည်း အကြောင်းတစ်ခုဖြစ်ပါတယ်။

ချမ်းသာသူနှင့်ဆင်းရဲသူတွေအကြားမှာ ကွာဟမှုကလည်း ပိုပြီးကျယ်လာပါတယ်။ ထိပ်ဆုံး(အချမ်းသာဆုံး)၂၀ရာခိုင်နှုန်းရဲ့  အသားတင်ကြွယ်ဝမှုဟာ အောက်ခြေက ၂၀ရာခိုင်နှုန်းရဲ့ ဝင်ငွေထက် ၁၆၆ဆမြင့်မားနေတယ်လို့ မနှစ်က ကိန်းဂဏန်းများ အရသိရပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ကွာဟမှုက ၁၀၅ ဆပဲရှိခဲ့တာပါ။

ကိုဗစ်-၁၉ဖြစ်နေတဲ့ကြားထဲက အင်မတန်ချမ်သာကြတဲ့ သူတွေရဲ့ ဥစ္စာဓနဟာ ပွားများလာနေပေမယ့် လုပ်ငန်းအသေးကလေးတွေပိုင်ကြတဲ့ စားသောက်ဆိုင်လို၊ အလွယ်ဝယ်ကုန်စုံဆိုင်လိုမျိုး လုပ်ငန်းတွေကတော့ လူတွေအိမ်မှာပဲနေကြရတဲ့အတွက် အတော့်ကိုထိခိုက်နေကြရတာဖြစ်ပါတယ်။

ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတဲ့ ကိုယ်အလုပ်ကိုယ်ခန့်သမားတွေဟာ တောင်ကိုးရီးယားမှာ ဝင်ငွေရှိနေတဲ့သူတွေရဲ့ ၂၄.၆ ရာခိုင်နှုန်းအထိရှိနေပါတယ်။ သူတို့အဖြစ်ဟာ စကွစ်ဂိမ်းထဲက ဂီဟွန်းနှင့် ထူးမခြာနားပါပဲ လို့ သူတို့ကပြောကြပါတယ်။

ကိုယ့်အလုပ်ကိုယ်ခန့်(ကိုယ်ပိုင်အလုပ်)လုပ်နေကြတဲ့ သူတွေရဲ့ တစ်ခုသော အင်တာနက်ဖိုရမ်မှာ သူဟာ ဂိမ်းထဲမှာနေနေရ သလိုပဲ ခံစားရတယ်လို့ ရေးသားခဲ့ပါတယ်။ “ ဒါပေမယ့် ဂိမ်းထဲနှင့်မတူတာက သူနိုင်ရင်တောင် သူ့အတွက် ဆုငွေရလိမ့်မှာ မဟုတ်ဘူး” လို့ သူကပြောပါတယ်။

“ ကျွန်တော်အပါအဝင် လူတော်တော်များများဟာ အကြွေးတွေနှင့် ရင်ဆိုင်ရုန်းကန်နေကြရတယ်။ အကြွေးဝမ်သန်း၂၀၀ကျော်ရှိတယ်။ ဒရာမာ(စကွစ်ဂိမ်း)ထဲကလိုပဲ “ လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ စကွစ်ဂိမ်း ဒရာမာစီးရီးဟာ ကိုးရီးယားနိုင်ငံရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုလူ့အဖွဲ့အစည်းအတွက် ကြီးကျယ်တဲ့ ထင်ဟပ်တင်စားမှုကြီးတစ်ခုပဲလို့ ယဉ်ကျေးမှုဝေဖန်ရေးဆရာ ဂျွန်ဒတ်ဟွန်က ကိုးရီးယားဟာရက်သတင်းစာကို ပြောကြားခဲ့ပါတယ်။ “ ဒီဒရာမာက ကျွန်တော်တို့ရဲ့ ပကတိကြမ်းတမ်းခက်ခဲ့မှုတွေအပေါ် ထိထိရှရှတွေးမြင်မှုတစ်ခုပဲ” လို့ သူကဆက်ပြောပါတယ်။

“ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုလူ့အဖွဲ့အစည်းတစ်ခုမှာ လူတွေဟာ အခွင့်အလမ်းအတူတူရကြရဲ့လား၊ သူတို့ဟာ အခြားသူတစ်ဦးဦးကို မရင်းဘဲ ဒါမှမဟုတ် မလိမ်ညာဘဲ သူတို့ကိုယ်ပိုင်အရည်အချင်းနှင့် ရလဒ်တွေ ရရှိ ပိုင်ဆိုင်နိုင်မှာလား ဆိုတာကို ဒီဒရာမာက စူးစမ်းရှာဖွေပေးတာပဲလို့ စိတ်ပညာရှင် လီအီလ်ဂျွန်းက ပြောပါတယ်။

“ ကျွန်တော်တို့ဟညာ ကျောင်းစာအုပ်တွေထဲမှာပဲ မျှတမှုနှင့်ညီမျှသော အခွင့်အလမ်းအကြောင်းသင်ယူခဲ့ကြရတာပါ။ဒါပေမယ့် လက်တွေအပြင်မှာတေ့ ကြိုးစာအားထုတ်မှုတွေက ရလဒ်တွေကို အမြဲတမ်းထုတ်လုပ်မပေးနိုင်ပါဘူးဗျာ” လို့ သူက သတင်းဌာနကိုဆက်ပြောပါတယ်။

နက်ဖလစ်ရဲ့ ကိုယ်ပိုင်စီးရီးတစ်ခုဖြစ်တဲ့ စကွစ်ဂိမ်းကို စက်တင်ဘာ ၁၇ရက်မှာ အကြိုပွဲစတင်ပြသခဲ့ပါတယ်။ အချိန်တိုတိုအတွင်းမှာပဲ နက်ဖလစ်ရဲ့ အင်္ဂလိပ်ဘာသာ မဟုတ်တဲ့အမျိုးအစားအောက်မှာ လူကြည့်အများဆုံး အအောင်မြင်ဆုံးဖြစ်သွားခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စု၊စင်္ကာပူ၊ဟောင်ကောင်နှင့် သိပ်သေချာတဲ့တောင်ကိုးရီးယား နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာအဆင့်(၁) ချိတ်ထားပါတယ်။

ကလေးတွေလို ပျော်ရွှင်စွာကစားကြတဲ့ လူကြီးဂိမ်းဟာ အခုဆို ကြောက်မက်ဖွယ်ရာ အကျိုးဆက်တွေရှိနေတာကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းနှင့် တင်ဆက်ထားတာလို့ အလွတ်တန်းစာရေးဆရာမ အသက်၂၆နှစ်အရွယ် ချိုဟန်နာကပြောပါတယ်။

“ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဂိမ်းတွေကို မျှမျှတတ ညီတူညီမျှ ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ အခု ကျွန်မတို့ အရွယ်ရောက်လို့လူကြီးတွေဖြစ်လာကြပြီ။ မတူညီတဲ့ ဝန်းကျင်တွေမှာ မမျှတတဲ့ ဘဝတွေနှင့် နေထိုင်နေကြရတယ်။ အဲဒါကြောင့် ဒီလိုမမျှတမှုတွေနှင့် ပင်ပန်းနွမ်းနယ်နေကြတဲ့သူတွေအတွက် ဒီရှိုး(စီးရီး)ဟာ ပိုပြီးစိတ်ဝင်တစား စိတ်ပါလက်ပါရှိစေမှာပဲ” လို့ သူမကဆန်းဒေးတိုင်းမ်စ်ကို ပြောခဲ့ပါတယ်။

တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်၂၇နှစ်အရွယ် မစ်လီဆိုရာက “ အကြမ်းဖက်မှုတွေပါနေတယ်။ ဒီဇာတ်ကားက ပိုက်ဆံဟာ လူ့အဖွဲ့အစည်းကို ဘယ်လောက်မင်းမူနေသလဲဆိုတာ ထင်ဟပ်ပေးတယ်။  ဒါပေမယ့် ကျွန်မက ဂိမ်းရဲ့တိုးတက်မှုကို အာရုံစိုက်ထားတော့ စိတ်ပျက်လက်ပျက်မဖြစ်ပါဘူး” လို့ပြောပါတယ်။

Source: The Straits Times