Published-10 Sept 2021
စင်္ကာပူနိုင်ငံက အိပ်ဆောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံခြားအလုပ်သမားတွေရဲ့ သွားလာခွင့်အကန့်အသတ်တွေကို လာမယ့် အပတ်ထဲ လျှော့ပေါ့ပေးသွားမယ်လို့ စက်တင်ဘာ ၉ရက်က ကြေညာလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ တန်းလျားတွေမှာ ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာခဲ့ပြီးနောက် သူတို့ရဲ့ ပြင်ပသွားလာခွင့်တွေကို ကန့်သတ်ခဲ့တာ တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
အိပ်ဆောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံရပ်ခြားအလုပ်သမားတွေရဲ့ ကိုဆယ်ရာခိုင်နှုန်းကျော် ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးတဲ့ နောက် လူအင်အားဝန်ကြီးဌာနက အခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးထိုးနှုန်းဟာ တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးနှုန်းအများဆုံးထဲက တစ်ခုဖြစ်တဲ့ စင်္ကာပူ တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးနှုန်း ၈၁ရာခိုင်နှုန်း ထက်များနေပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးတဲ့ နိုင်ငံရပ်ခြားအလုပ်သမား ၅၀၀အထိဟာ ကြိုတင်သတ်မှတ်ထာတဲ့ အများပြည်သူနေရာတွေကို တစ်ပတ်ကို ခြောက်နာရီကြာ သွားရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
မသွားခင်သုံးရက်နှင့် ပြန်လာပြီးသုံးရက်မှာ သူတို့ဟာ ကိုဗစ် အင်တီဂျင်အမြန်စစ်ဆေးမှုကို ခံရမှာဖြစ်ပါတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီ ရှေ့ပြေးအစီအစဉ်ကို တစ်လအကြာမှာ ပြန်လည်သုံးသပ်မယ်လို့လည်း ဆိုပါတယ်။
ထိုအတောအတွင်းမှာ အခြားနိုင်ငံရပ်ခြားအလုပ်သမားတွေဟာ အပန်းဖြေစင်တာတွေကို တစ်ပတ် နှစ်ကြိမ်ဆီ သွားရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ ကြီးမှူးပြီး ကာကွယ်ဆေးထိုးပြီးတဲ့ အလုပ်သမားတွေအတွက် လေ့လာရေးခရီးထွက်တဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်စတင်မှာလို့သိရပါတယ်။
လက်ရှိမှာတော့ အဲဒီအလုပ်သမားတွေဟာ များသောအားဖြင့် အလုပ်ပြီးရင် အဆောင်တွေမှာပဲ အောင်းနေကြရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး အဲဒီနိုင်ငံခြားသားတွေ အထူးသဖြင့် တောင်အာရှက ဈေးပေါတဲ့ အလုပ်သမားထောင်သောင်းများစွာရဲ့ အသွားအလာတွေကို စင်္ကာပူက ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။
အခုလိုအဆောင်ထဲ ကန့်သတ်ထားတာကို အချို့သော အခွင့်အရေးအုပ်စုတွေက ဝေဖန်နေကြပါတယ်။ ဒီလိုလုပ်တာဟာ ခွဲခြားဆက်ဆံတာမျိုးဖြစ်စေနိုင်ပြီး ကျန်းမာတဲ့သူတွေ ရောဂါကူးစက်နိုင်ဖို့ အခွင့်အလမ်းပိုများစေနိုင်တယ်လို့ ပြောပါတယ်။
Source: Reuters