Published-25 August 2021
ဗီယက်နမ်အနေဖြင့် တစ်နိုင်ငံကိုဆန့်ကျင်ဖို့ အခြားတစ်နိုင်ငံနှင့် ချိန်ညှိယူတာမျိုး မလုပ်ဘူးလို့ ဗီယက်နမ်ဝန်ကြီးချုပ်က တရူတ်သံအမတ်ကြီးကို အမေရိကန်ဒုတိယသမ္မတ ကာမလာဟာရစ် အလည်အပတ်မရောက်ခင်ညနေခင်းမှာ ပြောကြားလိုက်ပါတယ်။
 
တရုတ်နိုင်ငံဟာ အကျပ်ကိုင်ခြိမ်းခြောက်ပြီး တောင်တရုတ်ပင်လယ်ကို ပြန်လည်တောင်းဆိုနေတယ်လို့ ဟာရစ်က အင်္ဂါနေ့တုန်းက စွပ်စွဲပြောဆိုခဲ့ပါတယ်။
 
အမေရိကန်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ သူမကပြောခဲ့တဲ့ဒေသဖြစ်တဲ့ အရှေ့တောင်အာရှခရီးစဉ်အတွင်း တရုတ်အပေါ် သူမရဲ့ ဗြောင်အကျဆုံးမှတ်ချက်ဖြစ်ပါတယ်။
“ ဗီယက်နမ်ဟာလွတ်လပ် အမှီအခိုကင်းပြီး ဘက်ပေါင်းစုံနှင့်ကွဲပြားခြားနားမှုရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်ဆွဲထားပါတယ်။ နိုင်ငံတကာအသိုက်အဝန်းရဲ့ တာဝန်ရှိအဖွဲ့ဝင်လည်းဖြစ်ပါတယ်ဆိုတာကို ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင့်က ထပ်လောင်း အတည်ပြုပါတယ်လို့ ဗီယက်နမ်အစိုးရက သူ့ရဲ့ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
“ ဗီယက်နမ်ဟာ တစ်နိုင်ငံကိုဆန့်ကျင်ဖို့ တစ်နိုင်ငံနှင့်ချိန်ညှိမယူပါဘူး” လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုတွေကို နိုင်ငံတကာဥပဒေတွေနှင့် အဆင့်မြင့် ပုံမှန်အသိဉာဏ်နှင့်အညီပဲ ဖြေရှင်းသင့်ပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တရုတ်နိုင်ငံဟာ ဗီယက်နမ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထောက်ပံ့ကူညီဦးမှာဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးချုပ်ချင့်နှင့် တရုတ်သံအမတ်ကြီး ရှောင်ဘိုတို့ရဲ့ တွေ့ဆုံမှုကို အရင်က မကြေညာခဲ့ပါဘူး။
 
အင်္ဂါနေ့ညပိုင်းမှာ စင်္ကာပူကနေ ဟနွိုင်းကို ရောက်လာမယ့် အမေရိကန်ဒုသမ္မတရဲ့ ခရီးစဉ်ဟာလည်း မမျှော်လင့်ဘဲ သုံးနာရီ နောက်ကျသွားခဲ့ရပါတယ်။ ဘာကြောင့်နောက်ကျတယ်ဆိုတာကို ဟာရစ်ရဲ့ပြောဆိုခွင့်ရပုဂ္ဂိုလ်က ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ ဟနွိုင်းမှာရှိတဲ့အမေရိကန်သံရုံးကတော့ ဒီလိုနောက်ကျရတာဟာ မကြာသေးမီက ဟနွိုင်းမှာ ဖြစ်နိုင်ချေရှိခဲ့တဲ့ မူမမှန်တဲ့ ကျန်းမာရေးဆိုင်ရာ ဖြစ်ပွားမှုကြောင့်လို့ ပြောပါတယ်။
 
“သေသေချာချာ ချင့်ချိန်ပြီးတဲ့အခါ ဒုသမ္မတရဲ့ခရီးစဉ်ကို ဆက်စီစဉ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ အသေးစိတ်မဖော်ပြဘဲ ပြောထားပါတယ်။
 
တရုတ်နှင့် ပြိုင်ဘက်လုပ်ရတာဟာ ရာစုနှစ်အတွင်း အမေရိကန်အတွက် အကြီးမားဆုံးသော ပထဝီနိုင်ငံရေးစမ်းသပ်ပွဲ ကြီးလို့ အမေရိကန်အစိုးရကပြောထားပါတယ်။ ပြီးတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်အပါအဝင် ထိပ်တန်းအစိုးရအရာရှိကြီးတွေရဲ့ အဆင့်မြင့် ခရီးစဉ်တွေကို အရှေ့တောင်အာရှမှာ ဆက်တိုက်တွေ့မြင်လာနေရပါတယ်လို့ ရိုက်တာကရေးသားပါတယ်။
Source: Reuters