Published-25 August 2021
အိန္ဒိယနိုင်ငံက ပထမဆုံး ပြည်တွင်းထုတ် mRNA အခြေခံ ကိုဗစ်-၁၉ ကာကွယ်ဆေး လူသားနှင့်စမ်းသပ်မှု နောက်တစ်ဆင့်အတွက် ခွင့်ပြုလိုက်တယ်လို့ ဩဂုတ် ၂၄ရက်က ရိုက်တာသတင်းမှာဖော်ပြပါတယ်။
 
အဲဒီကာကွယ်ဆေးကို ဂျင်နိုဗားဇီဝဆေးဝါးကုမ္ပဏီက ဖော်စပ်နေတာဖြစ်ပြီး အစောပိုင်းလေ့လာမှုတစ်ခုအရ ဆေးထိုးပြီးတဲ့အခါ ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိတယ်လို့သိရပါတယ်။
 
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းထုတ် ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်သုံးခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးတွေက ဘာရက်ဘိုင်အိုတက်ခ်နှင့် ဇိုင်ဒတ်စ်ကက်ဒီလာတို့က ထုတ်တဲ့ဆေးတွေဖြစ်ပြီး mRNA ကာကွယ်ဆေးအမျိုးအစားတော့ မပါသေးပါဘူး။
ဂျင်နိုဗားဟာ အလယ်အလတ်အဆင့် လေ့လာမှုကို နေရာပေါင်း ၁၀ နေရာကနေ ၁၅ နေရာအထိ၊ နောက်အဆင့်စမ်းသပ်မှုကို နေရာ၁၂၂နေရာကနေ ၂၇ နေရာအထိ အိန္ဒိယမှာ စမ်းသပ်မယ်လို့ အစိုးရက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ဂျင်နိုဗားရဲ့ကာကွယ်ဆေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စပြီး ဆေးခန်းစမ်းသပ်မှုအဖြစ် လူသားတွေနှင့် စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီစမ်းသပ်မှုကို အိန္ဒိယအစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့ ဇီဝနည်းပညာဌာနက ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ ခဲ့ပါတယ်။
 
အဲဒီကာကွယ်ဆေးသတင်းနှင့်ပတ်သက်လို့ ကုမ္ပဏီက ရိုက်တာ ရဲ့ မေးမြန်းချက်ကို အကြောင်းမပြန်သေးပါဘူး။
 
“အဆင့်(၃)စမ်းသပ်မှုတွေ မလုပ်ရသေးတဲ့အတွက် ဒီကာကွယ်ဆေးအတွက် ရင်ခုန်ဖို့ သိပ်စောသေးတယ်။ ဒီကာကွယ်ဆေး ဈေးကွက်ထဲရောက်တဲ့အချိန်ဆို အိန္ဒိယမှာ လူအများစု ကာကွယ်ဆေးထိုးပြီးလောက်ကြပြီ” လို့ ဂလိုဗယ်ဒေတာရဲ့ ဆေးဝါး သုံးသပ်သူ ပရာရှန့်ခါဒေယိတ်က ပြောပါတယ်။
ဒါပေမယ့် mRNA ကာကွယ်ဆေးထုတ်နိုင်တယ်ဆိုတာ အိန္ဒိယရဲ့ သိပ္ပံဆိုင်ရာ တီထွင်ဆန်းသစ်နိုင်စွမ်း ကမ္ဘာ့အဆင့် ဆိုတာ ပြသရာမှာ အထောက်အကူဖြစ်တာပေါ့ လို့ သူက ဖြည့်စွက်ပြောပါတယ်။
 
Source: Reuters