Published 24 My 2022

ရုရှားရဲ့ ရူဘယ်ငွေကြေးဟာ တနင်္လာနေ့က ယူရိုထက် ၆ရာခိုင်နှုန်း ပိုခိုင်မာသွားပြီး ဒါဟာ ၇နှစ်အတွင်း တန်ဖိုးအမြင့်ဆုံး တက်လာတာဖြစ်ပါတယ်။ အရင်းအနှီးထိန်းချုပ်မှုတွေ၊လောင်စာဆီဈေးကောင်းနေတာနှင့် လာမယ့် အခွန်ကာလအဆုံး သတ် တော့မှာတွေကြောင့်ဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။

တနင်္လာနေ့ 1338 GMT အချိန်မှာ ရူဘယ်မှာ ၆.၃ ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်ယူရိုကို  ရူဘယ်၅၈.၇၅ အထိရောက်ရှိလာတာပါ။ဒါဟာ ၂၀၁၅ခုနှစ် ဇွန်လအစောပိုင်းနောက်ပိုင်း အမာဆုံးဖြစ်ပါတယ်။

ဒေါ်လာနှင့်လဲလှယ်နှုန်းကလည်း ၅၇.၄၇ ဖြစ်လာပါတယ်။ ၂၀၁၈ မတ်လနှောင်းပိုင်းကနေဆိုရင် ဒါဟာ အမြင့်ဆုံးပါ။

ရုရှားမှာ စီးပွားရေးအကျပ်အတည်းတွေဖြစ်နေတဲ့ကြားထဲက ဒီနှစ်မှာ ရူဘယ်ဟာ ဒေါ်လာနှင့်ယှဉ်ရင် ၃၀ရာခိုင်နှုန်းပိုမာလာခဲ့ပြီး  ကမ္ဘာမှာအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ငွေကြေးအဖြစ်ရောက်ရှိလာတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။

ရုရှားရဲ့ ရွှေနှင့်နိုင်ငံခြားငွေံကြေး တစ်ဝက်နီးပါးခန့် ထိန်းချုပ်ခံရပြီးနောက် ပို့ကုန်ဦးစားပေးကုမ္ပဏီတွေဟာ သူတို့ရဲ့နိုင်ငံခြာငွေကြေးတွေကို  ရူဘယ်နှင့်လဲလှယ်ပေးကြရပါတယ်။

ရုရှားရဲ့ဗဟိုဘဏ်နှင့် အစိုးရဟာ ကန့်သတ်မှုတွေ ပြုလုပ်နေစဉ်မှာ ရူဘယ်ဟာ ကာလလတ်မှာ ဆက်လက်ခိုင်မာ အားကောင်းနေဦးမှာဖြစ်တယ်လို့ Tinkoff Investments analysts ကပြောပါတယ်။

“ ဆောင်းဦးရာသီနီးလာလို့  သွင်းကုန်တွေပြန်လည်သက်ဝင်လာပြီး ကန့်သတ်မှုတွေ ရုပ်သိမ်းတဲ့အခါ ငွေကြေးလဲလှယ်နှုန်းတွေဟာ ၆၀နှင့် ၆၅ အဆင့်လောက်မှာ စပြီးတည်ငြိမ်သွားမယ်” လို့ သူတို့ကပြောပါတယ်။

နှစ်ကုန်မှာ တစ်ဒေါ်လာ ၇၀နှင့် ၈၀ရူဘယ်ကြား အားပျော့မသွားခင် ယခုတစ်လအတွင်း ရူဘယ်ဟာ တစ်ဒေါ်လာကို ၅၅ ရူဘဘ်အထိမာလာနိုင်တယ်လို့လည်း Otkritie ဘဏ်ကပြောပါတယ်။

ရုရှားက နိုင်ငံခြားက ဓာတ်ငွေ့ဝယ်ယူသူတွေကို ရူဘယ်နှင့်ပေးချေဖို့ တောင်းဆိုထားတာကလည်း ရူဘယ်ရဲ့လက်ရှိ မာလာမှုကို အထောက်အကူပြုနေပါတယ်လို့ သုံးသပ်သူတွေက ပြီးခဲ့တဲ့အပတ်ကပြောထားပါတယ်။

ရူဘယ်ငွေကြေး ထိန်းမရလောက်အောင်ခိုင်မာလာမှာစိုးတဲ့အတွက် ရုရှားဗဟိုဘဏ်က နိုင်ငံခြားငွေတွေ လိုက်ဝယ်နေတယ်လို့ ဗီဒိုမိုစတီသတင်းစာကရေးပါတယ်။ ဗဟိုဘဏ်ကနေ အဲဒီရေးသားမှုဟာ လက်ရှိအခြေအနေတွေနှင့် ကိုက်ညီမှုမရှိဘူးဆိုပြီး ပြန်ငြင်းဆိုထားပါတယ်။

Source Reuters