Published-10 August 2021
ထောင်ကျနေတဲ့ ဆမ်ဆောင်းအုပ်စု အကြီးအကဲကို ဒီတစ်ပတ်စောစောပိုင်းမှာ ခံဝန်ကတိနှင့် ပြန်လွှတ်ပေးမယ်လို့ တောင်ကိုးရီးယား တရားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
 
အဲဒါကြောင့်လုပ်ငန်းစုကော်ပိုရေးရှင်းကြီးရဲ့ ခေါင်းဆောင်မှုလေဟာနယ် ဖြစ်နိုင်ချေရှိနေတဲ့ အပေါ် စိုးရိမ်မှုတွေ လျော့ကျသွားစေပါတယ်လို့ အေအက်ဖ်ပီကရေးသားပါတယ်။
စီးပွားရေးမဂ္ဂဇင်း ဖော့ဘ်ရဲ့အဆိုအရ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအဆင့် ၁၈၈ မှာရှိနေတဲ့ လီဂျေယောင်ဟာ ဒေါ်လာ၁၂.၄ ဘီလျံကြွယ်ဝသူဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု၊အလွဲသုံးစာလုပ်မှုနှင့် တောင်ကိုးရီးယားသမ္မတဟောင်း ပတ်ဂျီဟေးကို ပြုတ်ကျစေခဲ့တဲ့ အကျင့်ပျက်ခြားမှုနှင့်ဆက်စပ်နေတဲ့ အခြားပြစ်မှုတွေကြောင့် ထောင်ဒဏ်(၂)နှစ်ခွဲကျခံနေခဲ့ ရတာဖြစ်ပါတယ်။
 
ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအရ အဆင့်၁၂မှာရှိနေတဲ့ တောင်ကိုးရီးယားရဲ့ စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိခိုက်မှုတွေရှိနေတဲ့အပေါ် စိုရိမ်ပူပန်မှုတွေ ကြီးထွားလာပြီးနောက် နိုင်ငံရေးသမားတွေကရော စီးပွားရေးခေါင်းဆောင်တွေကပါ သူ့ကို စောစောပြန်လွှတ်ပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။
သူ့လွတ်မြောက်မှုကြောင့် ဆမ်ဆောင်းရဲ့ ဆုံဖြတ်ချက်တွေချနေတဲ့အပေါ် စိတ်ပူပန်မှုတွေ လျော့နည်းသွားစေပါလိမ့်မယ်။ ဆမ်ဆောင်းဟာ တောင်ကိုးရီးယားနိုင်ငံမှာ ကြီးစိုးနေတဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
 
တောင်ကိုးရီးယားနိုင်ငံမှာ ဒီလို ထိပ်တန်း လုပ်ငန်းစုခေါင်းဆောင်တွေကို လာဘ်ပေး လာဘ်ယူမှု၊ အလွဲသုံးစာမှု၊ အခွန်ရှောင်မှုနှင့် အခြားသောပြစ်မှုတွေနှင့် ဖမ်းဆီးခဲ့တာတွေ က ရာဇဝင်နှင့်ချီရှိခဲ့ပါတယ်။ ဒါပေမယ့် တော်တော်များများကိုလည်း ထောင်ဒဏ်လျော့ပေါ့ပေးတာ၊အသနားခံလို့ ရပ်ဆိုင်းပေးတာ၊ နိုင်ငံစီးပွားရေးကို ထောက်ကူပေးခဲ့သူတွေအဖြစ် သမ္မတအမိန့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ မကြာခဏလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
 
တောင်ကိုးရီးယားဟာ သူ့ရဲ့လွတ်လပ်ရေးနေ့ ဩဂုတ် ၁၅ရက် ဝန်းကျင်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတတ်ပါတယ်။ ဒီနှစ်မှာ လူ၁၈၀ကို ခံဝန်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
 
အဲဒီ့အထဲမှာ ကာလရှည်ကြာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ထည့်တွက်ပြီး လွှတ်ပေးသူတွေအထဲ “ လီ”လည်းပါဝင်တယ်လို့ တရားရေးဝန်ကြီး ပတ်ဘွမ်ကျီက ပြောပါတယ်။
 
သူ့ကိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေရဲ့ သဘောထားတွေနှင့် ထောင်ထဲမှာ သူ့ရဲ့သဘောထားတွေ အပါ အဝင် အချက်များစွာကို အခြေခံဆုံးဖြတ်ခဲ့တာပါလို့ တရားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
Source:AFP