Published-10 August 2021
စင်္ကာပူနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေအားလုံးဟာ အင်န်တီဂျင်အမြန်စစ်ဆေးမှု Antigen rapid tests (ARTs)ကို မစစ်မနေရအဖြစ် မကြာခင် လုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်။ စင်္ကာပူရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဒက်စ်မွန်လီက ဩဂုတ်၈ရက်နေ့တုန်းက အဲဒီအကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ ပို့စ်တင်ခဲ့တာဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းစာက ရေးသားပါတယ်။
 
အဲဒီစစ်ဆေးမှုကို အလုပ်သမားအားလုံးအပြင် အိပ်ဆောင်မှအတူမနေကြတဲ့တဲ့ဧည့်သည်တွေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ လာရောက်ကြတဲ့ ဧည့်သည်တွေပါ မဖြစ်မနေပိုးစစ်ကြရမှာ ဖြစ်ပါတယ်။
 
ဆောက်လုပ်ရေးလုပ်သားတွေဆိုရာမှာ ပုံမှန် RRT စစ်နေကြရဲ့သူတွေနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မဟုတ်တဲ့‌ နေရာမှာ အလုပ်လုပ်နေကြတဲ့သူတွေပါ ပါဝင်ပြီး ထိုသူတွေလည်း ART အစစ်ခံကြရမှာဖြစ်ပါတယ်။
 
သီးခြားအနေနဲ့ လူ့အင်အားဝန်ကြီးဌာနဆီက အချက်အလက်တွေ အဆင်သင့်ဖြစ်ရင် အဆောင်တွေမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေလည်း ART အစစ်ခံရတဲ့အထဲ ပါလာတော့မယ်လို့ အဆောက်အဦနှင့်ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့(ဘီစီအေ) ရဲ့ ဖြန့်ဝေစာအရသိရပါတယ်။
 
“ဒီရောဂါဟာ ပုံမှန်ရောဂါအဖြစ် ရှိနေတော့မှာဖြစ်လို့ ကျွန်တော်တို့ဟာ ကိုဗစ်-၁၉နှင့်အတူ ဖွင့်ပြီး နေထိုင်နိုင်အောင် ကျွန်တော်တို့ရဲ့ ပြည်သူတွေ ဘေးကင်းဖို့ ကူးစက်မှုကွင်းစက်တွေ ဆက်လက်ဖြတ်တောက်ဖို့လိုတယ်” လို့ ဝန်ကြီးမစ္စတာလီက သူ့ပို့စ်မှာ ဘာကြောင့် မဖြစ်မနေပိုးစစ်ဖို့လိုတယ်ဆိုတာကို ရှင်းပြထားပါတယ်။
 
မေလမှာတာ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဒီလိုစစ်ဆေးမှုကို ရှေ့ပြေးစစ်ဆေးမှုတွေအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါင်း ၁၃၀ကျော်ဟာ ဒီရှေ့ပြေးအစီအစဉ်မှာပါဝင်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို စစ်ဆေးပေးနိုင်ခဲ့တယ်လို့ ဘီစီအေရဲ့ဖြန့်ဝေစာထဲမှာ ပြောထားပါတယ်။
 
အဲဒါကြောင့် မကြာသေးမီက ပေါ့စတစ်ဖြစ်တဲ့သူတစ်ဦးတွေ့ရပြီး လုပ်ငန်းခွင်ဘေးကင်းရေးအတွက် အခြားဘာမှထပ်လုပ်စရာ မလိုဘဲ သူ့ကို သီးသန့်ခွဲနေနိုင်လိုက်တယ်လို့ သိရပါတယ်။
 
RRT စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရထားသူတွေလည်း ART အစစ်ခံရမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါလက္ခဏာပြသပြီး ဒါမှမဟုတ် ပိုးတွေ့ပြီး ၂၇၀ရက်အတွင်းရှိနေကြတဲ့ ပြန်လည်သက်သာလာသူတွေလည်းပါဝင်တယ်လို့ပြောတယ်။
 
စည်းမျည်းအသစ်တွေကို အဆင့်နှစ်ဆင့်အနေနဲ့ ထုတ်ပြန်မယ်လို့သိရပါတယ်။
 
ဩဂုတ်၂၀ရက်ကစပြီး စီမံကိန်းတန်ဖိုး ဒေါ်လာသုံးသန်းထက် ကျော်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနှင့် ဆောက်လုပ်ရေး ထောက်ပို့လုပ်ငန်းခွင်တွေမှာ အပြောင်းအလဲတွေ စတင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မဝင်ရောက်ခင် အစစ်ဆေးခံကြရမှာ ဖြစ်ပါတယ်။
တကယ်လို့ ဩဂုတ်၂၀ရက်အထိ စစ်ဆေးကိရိယာလေးတွေ အချိန်မီမရောက်သေးတဲ့ လုပ်ငန်းခွင်အကြီးကြီးတွေ အတွက် အချိန်တစ်ခုထပ်ပေးမယ်လို့လည်း ဘီစီအေက ပြောပါတယ်။
 
စက်တင်ဘာ ၃ရက်နောက်ဆုံးထားပြီး ဒေါ်လာသုံးသန်းအောက် စီမံကိန်းတန်ဖိုးရှိတဲ့ လုပ်ငန်းခွင်အငယ်စားတွေ အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မဟုတ်တဲ့ ပြင်ဆင်မွမ်းမံတဲ့လုပ်ငန်းတို့၊ ဓာတ်လှေကားတပ်ဆင်ရေးအလုပ်တွေလည်း အစီအစဉ်သစ်မှာ ပါဝင်လာရမှာဖြစ်ပါတယ်။
Source: The Straits Times