Published 4 April 2022

ထိုင်းနိုင်ငံတွင် ပထမဆုံးတွေ့ရှိသော အိုမီခရွန် XEကိုဗစ်-၁၉ မျိုးဗီဇကွဲနှင့်ပတ်သက်ပြီး ထိတ်ထိတ်ပျာပျာမဖြစ်ကြဖို့ အစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒါဟာ အရင်သန္ဓေပြောင်းတွေလိုပဲ ရောဂါသစ်တွေထပ်ဖြစ်လိမ့် မယ်လို့ မယုံကြည်ရဘူးလို့လည်း ပြောပါတယ်။

ရာမသီဘိုဒီဆေးရုံက လူနာတစ်ဦးကို XEကူးစက်ခံထားရတာတွေ့ရှိခဲ့ရတာဖြစ်ပြီး  အဲဒီလူနာဟာ ယခု အပြည့်အဝပြန်လည် ကောင်းမွန်သွားပြီလို့ အဲဒီဆေးရုံရဲ့ Centre for Medical Genomics (CMG) ဌာနမှူးက ပြောပါတယ်။

XEဟာ အိုမီခရွန်ကနေထပ်ခွဲလာတဲ့  BA.1 နှင့်  BA.2  တို့ပေါင်းစပ်မိသွားပြီး ထပ်ပေါ်လာတဲ့ မျိုးခွဲဖြစ်ပါတယ်။ XE ကူးစက်ခံရတဲ့ လူနာတစ်ဦးတွေ့ရတဲ့အကြောင်း CMG က စနေနေ့ သတင်းထုတ်ပြန်ပေးခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း  XEအိုမီခရွန် မျိုးခွဲနှင့်ပတ်သက်ပြီး စနေနေ့က  သတိပေးချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းဟာ လက်ရှိမှာ ကူးစက်မှုအမြန်ဆုံး မျိုးခွဲဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

XE ကို ယူကေမှာ ဇန်နဝါရီ၁၉ရက်က ပထမဆုံးတွေ့ရှိခဲ့ရပြီး ယခုထက်ထိကူးစက်မှု ၆၀၀အောက်ပဲရှိသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားပါတယ်။

ကူးစက်ခံရပြီ့း တစ်ပတ်လောက်ကြာမှ စစ်ဆေးမယ့် ဗိုင်းရပ်စ်နမူနာက ပုံမှန်အားဖြင့် ရရှိလေ့ရှိတာကြောင့် အဖြေသိရတဲ့အချိန်မှာ လူနာအများစုဟာ နေကောင်းသွားကြပြီဖြစ်တယ်လို့ CMG ဌာနမှူး ဝါဆွန်ချန်တရက်တီတာက ပြောပါတယ်။

XEဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်တဲ့ B.A2 ထက် ကူးစက်မှုနှုန်း ၁၀ရာခိုင်နှုန်းပိုမြန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောထားပါတယ်။

Source BK Post