#WorldTechnology
Published - 04 April 2022


ကမ္ဘာ့အကြီးမားဆုံးခရီးသည်ပို့ ဆောင်ရေးလေကြောင်းလိုင်းက ဟင်းချက်ဆီလောင်စာအသုံးပြုပြီး ပထမဆုံးအကြိမ် ၃ နာရီခရီးကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်သောကြာနေ့က Airbus A380 superjumbo လေယာဉ်အမျိုးအစားရဲ့ စမ်းသပ်ပုံစံလေယာဉ်ကို သဘာဝလေယာဉ်လောင်စာ ၂၇ တန်ဖြည့်တင်ပြီး တူးလော့စ်မြို့ ဘလက်ညက်လေဆိပ်မှထွက်ခွာကာ နိုက်စ်မြို့သို့ ဆိုက်ရောက်ခဲ့ပါတယ်။

ဒါဟာ သဘာဝလေယာဉ်လောင်စာဖြင့် ၁၀၀ ရာခိုင်နှုန်းအပြည့်မောင်းနှင်တဲ့ ပထမဆုံး A380 လေယာဉ်အမျိုးအစားဖြစ်ကာ Airbus လေကြောင်းလိုင်းမှ ပြီးခဲ့တဲ့နှစ်အတွင်း တတိယအကြိမ်မြောက် အောင်မြင်စွာစမ်းသပ်မောင်းနှင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်မှာ လေယာဉ်တွေအနေနဲ့ သဘာဝလေယာဉ်လောင်စာ ၁၀ ရာခိုင်နှုန်းအသုံးပြုရမယ်လို ယူကေအစိုးရအဖွဲကသတ်မှတ်ထားပြီး အဆိုပါလေကြောင်းလိုင်းက ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု ပပျောက်အောင်ဆောင်ရွက်ဖို့ ကတိပြုထားပါတယ်။

သဘာဝလေယာဉ်လောင်စာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး စွန့်ပစ်ဆီများ၊ အမှိုက်စွန့်ပစ်ပစ္စည်းများနဲ့ ကုန်ကြမ်းရိတ်သိမ်းပစ္စည်းများမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဂျက်အင်ဂျင်အသစ်တွေက သဘာဝလောင်စာ ၅၀ ရာခိုင်နှုန်းသယ်ဆောင်နိုင်ပြီး ၂၀၂၃ ခုနှစ်မှာ ၁၀၀ ရာခိုင်နှုန်းအသုံးပြုနိုင်မယ့် ထရန့်အင်ဂျင်တွေရရှိနိုင်မှာဖြစ်ကြောင်း ရိုးလ်စ်ရွိက်စ်ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

မတ်လ ၂၅ ရက်နေ့ကစမ်းသပ်မောင်းနှင်ခဲ့တဲ့ A380 စမ်းသပ်လေယာဉ်ရဲ့ ရိုးလ်စ်ရွိက်စ်ထရန့် ၉၀၀ အင်ဂျင်ဟာ သဘာဝလေယာဉ်လောင်စာ ၁၀၀ ရာခိုင်နှုန်းအသုံးပြုထားတာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကို TotalEnergies လောင်စာဆီကုမ္ပဏီက နော်မန်ဒီဒေသမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၁၂ လအတွင်း Airbus လေကြောင်းလိုင်းမှလေယာဉ်များ သဘာဝလောင်စာ ၁၀၀ ရာခိုင်နှုန်းဖြင့် စမ်းသပ်မောင်းနှင်တဲ့ တတိယမြောက်လေယာဉ်ဖြစ်ပါတယ်။

၂၀၂၁ မတ်လတုန်းက ပထမဆုံးလေယာဉ်အဖြစ် A350 နဲ့စမ်းသပ်ပျံသန်းခဲ့ပြီး ၂၀၁၂ အောက်တိုဘာလမှာ A319neo လေယာဉ်နဲ့စမ်းသပ်ခဲ့ပါတယ်။ သဘာဝလေယာဉ်လောင်စာဖြင့် ကာဗွန်ထုတ်လွှတ်မှု ၆၅ ရာခိုင်နှုန်းလျှော့ချနိုင်မယ်လို့ လေကြောင်းလိုင်းကခန့်မှန်းထားပါတယ်။

ဒါပေမဲ့ သဘာဝလေယာဉ်လောင်စာထုတ်လုပ်မှုက သမားရိုးကျလေယာဉ်လောင်စာထက် ၅ ဆမျှပိုမိုကုန်ကျတာကြောင့် လက်ရှိတစ်ကမ္ဘာလုံးကလေယာဉ်လောင်စာအသုံးပြုမှုမှာ ၁ ရာခိုင်နှုန်းသာရှိပါသေးတယ်။

သဘာဝလောင်စာထုတ်လုပ်ရေးကဏ္ဍကနေ ၂၀၃၀ နှစ်ဝက်လောက်မှာ အလုပ်အကိုင်ပေါင်း ၆,၅၀၀ ဖန်တီးပေးနိုင်မှာဖြစ်ပြီး စီးပွားရေးအရ ယူရိုသန်း ၉၀၀ အကျိုးအမြတ်ရလာနိုင်ကြောင်း ယူကေအစိုးရအဖွဲ့ က ခန့်မှန်းထားပါတယ်။

၂၀၂၅ မှ ၂၀၃၀ ခုနှစ်ဝန်းကျင်အတွင်း လေယာဉ်တွေနဲ့အင်ဂျင်တွေမှာ သုံးစွဲနေကျကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေ အသုံးမပြုဖို့ အစီအစဉ်တွေ ချမှတ်နေပြီဖြစ်ပါတယ်။
Source: Dailymail