#WorldPolitics
Published - 04 April 2022
ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းအတွက် ရုရှားငွေရူဘယ်လ်ဖြင့်ပေးချေဖို့ ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'သတ်မှတ်ခဲ့ခြင်းဟာ ရှေ့ပြေးပုံစံတစ်ခုဖြစ်ပြီး အခြားအဓိကတင်ပို့ကုန်များကိုလည်း ရူဘယ်လ်ဖြင့်ပေးချေခိုင်းဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားတို့ကသတိပေးလိုက်ပါတယ်။

အနောက်နိုင်ငံက အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာခြင်းကို ထိန်းချုပ်နိုင်ဖို့ အတွက် ရုရှားပိုင်စီးပွားရေးအစိတ်အပိုင်းများကို ရပ်ဆိုင်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ယူကရိန်းကိုကျူးကျော်ခဲ့တာကြောင့် ရုရှားကို အမေရိကန်နဲ့မဟာမိတ်နိုင်ငံများက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုများ ပြင်းပြင်းထန်ထန်ချမှတ်ခဲ့တာကြောင့် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ရုရှားစီးပွားရေးအဆိုးရွားဆုံးအခြေအနေ ရောက်ရှိနေတာဖြစ်ပါတယ်။

ကျဆင်းလာတဲ့စီးပွားရေးအဖတ်ဆယ်ဖို့ အတွက် 'ပူတင်'က ရုရှားမှဓာတ်ငွေ့များဝယ်ယူမှုအတွက် ရုရှားငွေရူဘယ်လ်ဖြင့်ပေးချေရမယ်လို့ မတ်လ ၂၃ ရက်နေ့က အမိန့်ချလိုက်ပါတယ်။

ဒါပေမဲ့လည်း ဝယ်ယူသူတွေက စာချုပ်ပါငွေကြေးအချက်အလက်အတိုင်း ဆက်လက်ဝယ်ယူနိုင်ပြီး ပေးချေလာတဲ့ငွေတွေကို ရုရှားပိုင် Gazprom ကုမ္ပဏီက ရူဘယ်လ်အဖြစ်ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။

ဓာတ်ငွေ့ဝယ်ယူခြင်းအတွက် ရူဘယ်လ်နဲ့ပေးချေခိုင်းတာက ငွေပေးချေမှုကဏ္ဍရဲ့ရှေ့ပြေးပုံစံဖြစ်ကြောင်း၊ အခြားကုန်ပစ္စည်းတင်ပို့မှုတွေမှာလည်း ဒီပုံစံကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ရုရှားရုပ်သံလိုင်းချန်နယ်ဝမ်းကနေ ပြောကြားလိုက်ပါတယ်။

ရုရှားဗဟိုဘဏ်မှအရန်ငွေကြေး ဒေါ်လာ ၃၀၀ ဘီလီယံကို အနောက်နိုင်ငံကရပ်ဆိုင်းပစ်လိုက်တာဟာ အဓမ္မသိမ်းပိုက်လိုက်တာဖြစ်ပြီး ဒီလိုကိစ္စကြောင့် အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေတို့ ကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် ဆက်လက်မှီခိုခြင်းမပြုလုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

၁၉၄၄ ခုနှစ်က အနောက်နိုင်ငံကနေ Bretton Woods ငွေကြေးစနစ်ကို အခြေချသတ်မှတ်ခဲ့ပါတယ်။ အဆိုပါ Bretton Woods ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာကို တစ်ကမ္ဘာလုံးရှိ စံညွှန်းငွေကြေးအတိုင်းအတာအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

ရုရှားတို့က ဒေါ်လာကိုအခြေခံထားတဲ့ဒီငွေကြေးစနစ်ကို အစားထိုးပြောင်းလဲချင်နေခဲ့တာဖြစ်ကြောင်း 'ပက်စ်ကော့ဗ်'ကဆိုပါတယ်။

ရုရှားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခြင်းများက ရုရှားတို့အနေနဲ့ ဒေါ်လာနဲ့ယူရိုငွေတို့ကို ယုံကြည်မှုမရှိတော့ပါဘူး။

ယူကရိန်းကို အထူးစစ်ဆင်ရေးပြုလုပ်ရတဲ့ရည်ရွယ်ချက်က အမေရိကန်တို့က ယူကရိန်းကိုအသုံးချပြီး ရုရှားကိုခြိမ်းခြောက်ဖို့ ကြံရွယ်နေကြောင်း၊ ရုရှားဘာသာစကားပြောဆိုတဲ့သူတွေကို ယူကရိန်းတို့က ညှင်းပန်းနှိပ်စက်နေတာကြောင့် ရုရှားတို့ ကကာကွယ်ပေးရမှာဖြစ်ကြောင်း 'ပူတင်'က အကြောင်းပြလိုက်ပါတယ်။

ယူကရိန်းဘက်ကတော့ ညှင်းပန်းနှိပ်စက်နေတယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပြီး ရုရှားတို့ကအကြောင်းမဲ့တိုက်ခိုက်တာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ သဘာဝစွမ်းအင်အရင်းအမြစ်အများဆုံးထုတ်လုပ်နေတဲ့ ရုရှားနိုင်ငံကြီးကို အနောက်နိုင်ငံကကျဉ်ဖယ်ဖို့ ပြုလုပ်နေခြင်းဟာ အကျိုးကြောင်းသင့်လျော်ခြင်းမရှိတဲ့အပြင် ဝယ်ယူသုံးစွဲသူတွေအတွက် ဈေးနှုန်းများမြင့်တက်လာနိုင်ပြီး ဥရောပနဲ့အမေရိကန်တို့ ဟာလည်း စီးပွားရေးဆုတ်ယုတ်လာမှာဖြစ်ကြောင်း ရုရှားအရာရှိများက အကြိမ်ကြိမ်သတိပေးထားပါတယ်။

ရုရှားတို့က အမေရိကန်ဒေါ်လာနဲ့ ပတ်သက်ခြင်းမရှိဖို့ အချိန်ကြာမြင့်စွာကြိုးပမ်းနေခဲ့ပေမယ့် ကမ္ဘာ့ဈေးကွက်မှာ ဓာတ်ငွေ့၊ လောင်စာဆီ၊ သတ္တုပစ္စည်းများကို ဒေါ်လာနဲ့သာအရောင်းအဝယ်ပြုလုပ်နေခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးကုန်သွယ်ရေးအတိုင်းအတာမှာ ဒေါ်လာက အသုံးအများဆုံးငွေဖြစ်ပြီး သူ့နောက်မှာတော့ ယူရို၊ ယန်း၊ စတာလင်ပေါင်တို့ က အစဉ်လိုက်အသုံးအများဆုံးဖြစ်နေပါတယ်။
Source: Reuters