Published 25 March 2022

မြောက်ကိုးရီးယားက ကမ္ဘာ့တိုက်ကြီးတစ်ခုမှ တစ်ခုသို့ ပစ်ခတ်နိုင်တဲ့ အကြီးဆုံးဒုံးကျည်ကို မတ်လ၂၄ ရက် စမ်းသပ်ပစ်လွှတ် ခဲ့ပါတယ်။ အဲသလိုပစ်လွှတ်တာကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုန်းအမ်ကိုယ်တိုင် လာရောက်ကြီးကြပ်တာကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ စတိုင်အပြည့်နှင့် ရုပ်ရှင်ဆန်ဆန်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။

မြောက်ကိုးရီးယားဟာ အမေရိကန်ပြည်ထောင်စုနှင့် ကာလရှည်ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာကို အသေအချာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံက သတင်းတင်ဆက်ပါတယ်။

ယခုနောက်ဆုံး စမ်းသပ် ပစ်လွှတ်လိုက်တဲ့ ICBM ဒုံးကျည်ဟာ  အမေရိကန်ပြည်မကြီးကို မည်သည့်နေရာကိုမဆို တိုက်ခိုက် နိုင်အောင် ဒီဇိုင်းလုပ်ထားတာလို့ ပြောပါတယ်။

အစိုးရမီဒီယာတွေဟာ  သားရေဂျာကင်အနက်ရောင်နှင့် နေကာမျက်မှန်အမည်းကို ဝတ်ဆင်ထားတဲ့ ကင်မ်ဟာ ဒုံးကျည် အကြီးကြီးတစ်ခုရဲ့ရှေ့က ကတ္တရာလမ်းပေါ် ခြေလှမ်းကျဲကျဲနှင့် ဖြတ်လျှောက်သွားတာကိုရိုက်ကူးထားပါတယ်။ နောက်ပုံတွေ မှာတော့  ယူနီဖောင်းဝတ်စစ်အရာရှိကြီးတွေနှင့်အတူ စမ်းသပ်ထုတ်လွှင့်မှုအပေါ် အောင်ပွဲခံနေတဲ့ လှုပ်ရှားမှုပုံတွေ ဖြစ်ပါ တယ်။

“ ယခုတိုက်ကြီးတစ်ခုနှင့်တစ်ခုအကြားပစ်လွှတ်တဲ့ ဒုံကျည်အသစ်ဟာ  ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်တပ်အင်အားရဲ့ ပါဝါကို တကမ္ဘာလုံးက ရှင်းရှင်းလင်းလင်းသတိထားမိစေလိမ့်မယ်” လို့ ကင်မ်က ပြောတယ်လို့ ကိုရီးယားဗဟိုသတင်းဌာနက  သတင်းထုတ်ပြန်ပါတယ်။ အခုဆို မြောက်ကိုးရီးယားဟာ အမေရိကန် နယ်ချဲ့တွေကို ကြာမြင့်စွာ ထိပ်တိုင်ရင်ဆိုင်ဖို့ အဆင် သင့် ရှိနေပြီလို့လည်း ဖြည့်စွက်ပြောပါတယ်။

Source AFP/KCTV