Published-4 August 2021
ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးသူဋ္ဌေးကြီးက ကိုဗစ်-၁၉ရောဂါလက္ခဏာတွေကို ကုသဖို့ တိုင်းရင်းဆေးစက်ရုံတစ်ရုံကို တည်ဆောက်သွားမယ်လို့ ကြေညာသွားပါတယ်။
 
ထိုင်းနိုင်ငံရဲ့ ကော်ပိုရေးရှင်းကြီးဖြစ်တဲ့ ချာရိုအင်ပေါ့ဖန်း(စီပီ)အုပ်စုကြီးရဲ့ အကြီးတန်းဥက္ကဋ္ဌ ဒန်နင်း ချီယာဗန်နော့တ်က စီပီအုပ်စုကြီးပိုင်ဆိုင်တဲ့ ဆာရာဘူရီပြည်နယ်က မြေ၁၆ဟက်တာမှာ ဖာတလိုင်းဂျုံးလို့ ထိုင်းတွေခေါ်တဲ့ တိုင်းရင်းဆေး (မြန်မာအခေါ်-ဆေးခါးကြီး(ငရုတ်ခါး)ပင်တွေ ကို စိုက်ပျိုးပြီး တိုင်းရင်းဆေးထုတ်လုပ်သွားမှာဖြစ်ပါတယ်။
 
အဲဒီဆေးပင်ကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးရာမှာ ရောင်ရမ်းမှုကို ကုသပေးတဲ့ဆေးအဖြစ် သိပ်မကြာသေးခင်က အတည်ပြုပေးထားပါတယ်။
 
ကုမ္ပဏီဟာ အဲဒီပရဆေးပင်တွေကနေ ဆေးတောင့်လေးတွေပြုလုပ်တဲ့ စက်ရုံတစ်ရုံကိုတည်ဆောက်မှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီဆေးတွေကို ပြည်သူလူထုထံ အခမဲဝေငှပေးမယ်လို့ပြောပါတယ်။
 
ဆေးခါးကြီးပရဆေးပင်စိုက်ခင်းကြီးဟာ ဘန်ကောက်မြို့တော်ကနေ မြောက်ဘက် ၁၀၀ကီလိုမီတာအကွာမှာရှိမှာ ဖြစ်ပါတယ်။ ပရဆေးပင်တွေကြီးလာဖို့ ရက်ပေါင်း၁၀၀လောက်စောင့်ရမယ်၊ပြီးရင်တော့ ဆေးတောင့်တွေ ထုတ်လို့ရပြီလို့ သူဋ္ဌေးကြီး ဒန်နင်းက ပြောပါတယ်။
 
ဖာတစ်လိုင်းဂျုံးလို့ ထိုင်းတွေသိကြတဲ့ အဲဒီဆေးခါးပင်ကို အင်္ဂလိပ်လို green chiretta green သို့မဟုတ် chiretta လို့ခေါ်ပါတယ်။ နှစ်ရှည်ခံရာသီပရဆေးပင်ဖြစ်ပြီး အိန္ဒိယနှင့် သီရိလင်္ကာတို့ရဲ့မူရင်းမျိုးပင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့မှာ အသက်ရှုလမ်းကြောင်းပိုးဝင်တာနှင့် ရောင်ရမ်းတာ၊ချောင်းဆိုးတာတွေကို ကုသရာမှာ ရာစုနှစ်တွေကြာ ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြတာဖြစ်ပါတယ်။
 
ဇူလိုင်လတုန်းက အကျဉ်းသားတွေကို အဲဒီ ဖာတလိုင်းဂျုံးကိုတိုက်ကျွေးဖို့ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအခါ အပျော့စား ရောဂါလက္ခဏာရှိတဲ့ အကျဉ်းသား၁၁၈၀၀ဦးအနက် ၉၉ရာခိုင်နှုန်းပြန်ကောင်းသွားကြတာဖြစ်ပါတယ်။အဲဒါကြောင့် ဘယဆေးကိုကျယ်ကျယ်ပြန့်ပြန့်သုံးရင် လက်ရှိ ဖိအားများနေတဲ့ ပြည်သူ့ကျန်းမာရေးစနစ်အပေါ် ဖိအားတွေလျှော့ ချပေးနိုင်လိမ့်မယ်လို့ ထိုင်းအစိုးရက ယုံကြည်နေပါတယ်။
 
ဒါပေမယ့် အစိုးရရဲ့အတည်ပြုချက်ကြောင့် ဘယဆေးပြတ်လတ်မှုတွေဖြစ်သွားခဲ့ရပါတယ်။
 
“ အဲဒီရှားပါးမှုကြောင့် ကျွန်မတို့ရဲ့ဥက္ကဋ္ဌကြီးအပေါ် ကူညီဖို့တွန်းအားဖြစ်သွးစေခဲ့တာပါ” လို့ စီပီအုပ်စုရဲ့ အကြီးတန်း အရာရှိကြီးတစ်ဦးက နစ်ကေးအေးရှားကိုပြောပါတယ်။
စီပီအုပ်စုရဲ့ ကြီးမားတဲ့ စိုက်ခင်းကြောင့် တိုင်းရင်းဆေးရှားပါးပြတ်လတ်မှုကို ဖြေရှင်းနိုင်ပြီး အပျော့စားရောဂါလက္ခဏာရှိသူတွေဟာ အိမ်မှာနေရင်းပဲ သက်သာလာနိုင်ကြလိမ့်မယ်” လို့ သူမကဆက်ပြောပါတယ်။
 
ဒန်နင်းက ဖာတလိုင်းဂျုံးစက်ရုံဆောက်ဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျမပြောပါဘူး။ဒါပေမယ့် ဘတ်ငွေသန်း၁၀၀( ဒေါ်လာ၃.၁သန်း)အောက် ကုန်ကျနိုင်တယ်လို့ အကြီးတန်းအရာရှိက ခန့်မှန်းပါတယ်။ အဲဒီငွေဟာ မနှစ်က ထိုင်းမှာ မျက်နှာစည်း face mask တွေပြတ်လတ်တုန်းက စက်ရုံတည်ထားခဲ့တဲ့ ငွေပမာဏဖြစ်ပါတယ်။
Source: Nikkei Asia