#WorldHealth
Published- 22 February 2022
သွေးနီဥများပျက်စီးယိုယွင်းခြင်းကြောင့် သွေးကြောထိခိုက်မှုတွေကို ကိုဗစ်ရောဂါပြင်းထန်စွာခံစားရဖူးသူတွေမှာ တွေ့ရလေ့ရှိကြောင်း ဓာတ်ခွဲခန်းလေ့လာချက်များအရသိရှိရပါတယ်။

ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူခဲ့ရသည့်လူနာတွေမှာ သွေးကြောနံရံများရှိ အင်ဒိုသီလီယယ်ဆဲလ်တွေထိခိုက်ခံရကာ သွေးခဲခြင်း၊ အတွင်းအင်္ဂါပျက်စီးခြင်းနဲ့ အခြားပြဿနာများဖြစ်ပေါ်လေ့ရှိပါတယ်။

ကိုဗစ်ရောဂါအလယ်အလတ်မျှ ခံစားရတဲ့လူနာ ၁၇ ဦးနဲ့ ကျန်းမာရေးကောင်းမွန်တဲ့လူ ၂၇ ဦးတို့မှ သွေးနမူနာများဖြင့် လေ့လာချက်အသစ်တွေပြုလုပ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် နှလုံးသွေးကြောနံရံရှိဆဲလ်များ သိသိသာသာထိခိုက်ထားကြောင့် တွေ့ရှိခဲ့ကြပါတယ်။

ကျန်းမာသန်စွမ်းတဲ့လူတွေရဲ့ သွေးနီဥတွေနဲ့နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါလူနာတွေမှာ ကောင်းကျိုးပြုနိုက်ထရစ်အောက်ဆိုက်မော်လီကျူးထွက်ရှိမှု နည်းပါးပြီး ထိခိုက်ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဆိုးကျိုးပြုမော်လီကျူးတွေ များနေကြောင်းတွေ့ရှိရတယ်လို့ စတော့ဟုမ်းမြို့ ကယ်ရိုလင်စကာတက္ကသိုလ်မှ ဒေါက်တာ'အယ်လီမာဒီ'က ပြောပြလိုက်ပါတယ်။

ဒါ့အပြင် အခြားအင်ဇိုင်းတစ်မျိုးများပြားလာပြီး ပေါင်းဆုံသွားပါက ရောင်ရမ်းခြင်းဖြစ်စေတဲ့မော်လီကျူးတွေဟာ သွေးကြောနံရံတွေကို ထိခိုက်စေပြီး သွေးကြောတွေပုံမှန်အတိုင်း မတည်ရှိနိုင်တော့ကြောင်း သုတေသီအဖွဲ့က ဆိုပါတယ်။

အင်ဇိုင်းပမာဏကို ပုံမှန်အတိုင်းထိန်းပေးပြီး အန္တရာယ်ပေးနိုင်တဲ့မော်လီကျူးထုတ်လုပ်မှုကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးများဖြင့် အဲဒီလိုအခြေအနေကို သက်သာလာအောင်ပြုလုပ်နိုင်ကြောင်း 'မာဒီ'က အသိပေးထားပါတယ်။

ဒီစမ်းသပ်လေ့လာချက်ကို မူလကိုရိုနာဗိုင်းရပ်စ်ဖြင့် စမ်းသပ်ထားတာဖြစ်ပြီး အခြားမျိုးဗီဇကွဲကူးစက်မှုတွေက သွေးနီဥတွေအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။
Source: Reuters