#WorldPolitics
Published 22 February 2022

 

ရုရှားထောက်ခံရေးအဖွဲ့တွေချုပ်ကိုင်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ဘက်ခြမ်းရှိ ဒိုနက်စ်မြို့နဲ့ လူဟန့်စ်မြို့တို့ကို လွတ်လပ်တဲ့နယ်မြေများအဖြစ် ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က အသိအမှတ်ပြုပေးလိုက်ပြီဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အဆိုပါယူကရိန်းအရှေ့ဘက်နယ်မြေနှစ်ခုသို့ ရုရှားတပ်ဖွဲ့များ ပြောင်းရွှေ့ဝင်ရောက်လာနိုင်ကြောင်း နောက်ဆုံးရထောက်လှမ်းရေးသတင်းများအရ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက CNN ကို ပြောကြားလိုက်ပါတယ်။

 

ရုရှားတို့ ကျူးကျော်မှုပြုလုပ်လာနိုင်တဲ့အပေါ် အမေရိကန်ကလည်း ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ကုန်းပေါ်ရေပေါ်သင်္ဘောများနဲ့ လေကြောင်းတပ်ဖွဲ့အတွက် လိုအပ်တဲ့ပစ္စည်းများလည်း ပါဝင်ပါတယ်။

 

'ပူတင်'အသိအမှတ်ပြုပေးလိုက်တဲ့ ယူကရိန်းခွဲထွက်ရေးနယ်မြေနှစ်ခုကို ကုန်သွယ်ရေးဘဏ္ဍာရေးအရေးယူပိတ်ဆို့မှုများချမှတ်ဖို့ သမ္မတ'ဂျိုးဘိုင်ဒန်'က စီစဉ်နေကြောင်း အိမ်ဖြူတော်က တနင်္လာနေ့မှာကြေညာလိုက်ပါတယ်။
ယူကရိန်းခွဲထွက်ရေးနယ်မြေတွေဖြစ်တဲ့ ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံနဲ့ လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံတို့အပေါ် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ကုန်သွယ်ရေးနဲ့ဘဏ္ဍာရေးကိစ္စတွေမှာ တားမြစ်ပိတ်ပင်သွားဖို့ 'ဘိုင်ဒန်'က လက်မှတ်ရေးထိုးအမိန့်ပေးလိုက်ပါတယ်။

 

အဆိုပါနယ်မြေနှစ်ခုကို လွတ်လပ်တဲ့နိုင်ငံများအဖြစ် 'ပူတင်'က အသိအမှတ်ပြုလက်မှတ်ရေးထိုးပေးလိုက်ပြီး တနင်္လာနေ့က တီဗီအစီအစဉ်ကနေ အောင်ပွဲခံပုံတွေကို ဖော်ပြခဲ့ပါတယ်။

 

"ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနယ်စပ်ဘက်ကို ပိုမိုနီးကပ်စွာချဉ်းကပ်လာနေပြီး အချိန်မရွေးကျူးကျော်နိုင်လောက်တဲ့အထိ စီစဉ်နေကြတာကို ထောက်လှမ်းရရှိထားပါတယ်" လို့ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောပြလိုက်ပါတယ်။

 

ယူကရိန်းရဲ့တောင်းဆိုမှုကြောင့် တနင်္လာနေ့ညမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို အရေးပေါ်ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် 'လင်ဒါသောမတ်စ်ဂရင်းဖီးလ်'ကပြောကြားရာမှာ ယူကရိန်းခွဲထွက်ရေးနယ်မြေနှစ်ခုကို 'ပူတင်'က အသိအမှတ်ပြုလိုက်ခြင်းက ယူကရိန်းကိုကျူးကျော်ဖို့ အကြောင်းပြချက်ဖန်တီးလိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆင်ခြေနဲ့ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်လာခြင်းကလည်း ဆီလျော်ခြင်းမရှိကြောင်း ဆိုခဲ့ပါတယ်။

 

အမေရိကန်က မှန်းဆထားတဲ့အတိုင်း ရုရှားတို့ဆောင်ရွက်လျက်ရှိပြီး အခုအချိန်မှာ 'ပူတင်'က ရပ်တန့်တော့မှာမဟုတ်ဘူးလို့ ယုံကြည်ထားကြောင်း 'သောမတ်စ်ဂရင်းဖီးလ်'က ပြောကြားခဲ့ပါတယ်။

 

ရုရှားတို့က နိုင်ငံတကာဥပဒေတွေကို ထင်ထင်ရှားရှားချိုးဖောက်နေတဲ့အတွက် အမေရိကန်က နောက်ထပ်အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

 

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူကရိန်းခွဲထွက်ရေးနယ်မြေသို့ ရုရှားတပ်ဖွဲ့များစေလွှတ်ခြင်းဟာ ယူကရိန်းကိုကျူးကျော်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်တယ်လို့ အမေရိကန်တို့က ယူဆထားပါတယ်။

 

၂၀၁၄ ခုနှစ် ယူကရိန်းကို ရုရှားတို့ကျူးကျော်လာကတည်းက အဆိုပါနယ်မြေတွေမှာ ရုရှားတပ်ဖွဲ့တွေ အခြေချနေတာဖြစ်ပါတယ်။

 

"အဆိုပါနယ်မြေတွေမှာ ရုရှားတို့ဘာတွေဆက်လုပ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်" လို့ အမေရိကန်အရာရှိတစ်ဦးက ဆိုပါတယ်။

 

"ယူကရိန်းခွဲထွက်ရေးဒေသတွေမှာ ရုရှားတပ်ဖွဲ့တွေရှိနေတာ ၈ နှစ်လောက်ရှိနေပြီဖြစ်ပေမယ့် ရုရှားဘက်က ငြင်းဆိုနေပါတယ်။ အခုတော့ သူတို့ ပေါ်ပေါ်တင်တင်လှုပ်ရှားတော့မှာဖြစ်ပြီး ကျွန်တော်တို့ဘက်ကလည်း ထိုက်သင့်သလိုတုန့်ပြန်ဆောင်ရွက်သွားမှာပါ"

 

Source: CNN
#Yangon_Media_Group