Published 30 July 2021

ထိုင်းနိုင်ငံက လုံခြုံရေးကိုထိခိုက်စေတဲ့ သတင်းအမှားတွေကို ဖြန့်ဝေခြင်းကို ဇူလိုင်၃၀ရက်က ပိတ်ပင်တားဆီးလိုက်ပါတယ်။ အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ ကိုင်တွယ်မှုအပေါ် ဝေဖန်နေကြတဲ့ မီဒီယာအုပ်စုတွေက အဲဒီဝေဖန်မှုတွေကို ဖြိုခွင်းဖို့ကြိုးစား တာပဲလို့ အစိုးရကို စွပ်စွဲလိုက်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြလိုက်ပါတယ်။

သတင်းအတုတွေဟာ လူမှုအသိုက်အဝန်းမှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်စေတယ်၊ပြီးတော့ ကပ်ဘေးကို စီမံခန့်ခွဲနေတဲ့ အစိုးရရဲ့ အရည်အသွေးကိုလည်း လျော့ပါးအောင်လုပ်နေတယ် လို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဒီတစ်ပတ်အတွင်း ပြောခဲ့ပါတယ်။
သောကြာနေ့(ယနေ့)ကစပြီး အသက်ဝင်မယ့် အခုဒီကရီအမိန့်မှာ လူတွေရုတ်ရုတ်သည်းသည်းဖြစ်စေတာ၊နားလည်မှု လွဲမှားစေတာ၊ရှုပ်ထွေးမှုဖြစ်စေတာ၊နိုင်ငံတော်လုံခြုံရေးထိခိုက်စေတာ၊အခြားသူတွေရဲ့အခွင့်အရေးတွေနှင့် လူ့ကျင့်ဝတ်ကောင်းတွေကို စော်ကားတာတွေဖြစ်စေတဲ့ သတင်းစကားအမှားတွေနှင့် ပုံဖျက်ထားတဲ့ သတင်းတွေ ဖြန့်ဝေခြင်းကို တားမြစ်ထားပါတယ်။
နိုင်ငံပိုင် အမျိုးသား ရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်(NBTC)ကို အမိန့်က လုပ်ပိုင်ခွင့်အပ်နှင်းထားပါတယ်။ အင်န်ဘီတီစီဟာ သတင်းမှားတွေဖြန့်ဝေနေတယ်လို့ ယုံကြည်ရတဲ့ တစ်ဦးချင်းစီရဲ့ အင်တာနက်IP Address တွေကို ပိတ်ပစ်ဖို့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေကို အမိန့်ပေးနိုင်တယ်။ ရဲကိုအကြောင်းကြားပြီး အမှုဖွင်အရေးယူ ဆောင်ရွက်နိင်ပါတယ်။
ကပ်ဘေးကိုင်တွယ်မှုအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို အစိုးရကရင်ဆိုင်ရပြီးနောက် ယခုအမိန့်ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရိုက်တာက ရေးသားပါတယ်။
ထိုင်းအစိုးရက ရောဂါကပ်ဘေးတုန့်ပြန်ဆောင်ရွက်မှုအပေါ် ဝေဖန်ခဲ့ကြတဲ့ နာမည်ကျော်တွေနှင့် ဆိုရှယ်မီဒီယာဩဇာရှိသူတွေထဲက အချို့ကို ဥပဒေနှင့်အရေးယူခဲ့ပြီးဖြစ်ပါတယ်။အဲဒီအထဲမှာ အသက်၁၉နှစ်အရွယ် ရက်ပါ ဖြစ်တဲ့ ဒန်နုပါ”မီလီ” ခန်နက်သီရာကူးလည်းပါဝင်ပါတယ်။ ကိုဗစ်-၁၉ အကျပ်အတည်းကို ဝေဖန်ခဲ့တဲ့သူကို ပြီးခဲ့တဲ့ အပတ်က ဒဏ်ငွေ ထိုင်းဘတ်ငွေ ၂၀၀၀(ဒေါ်လာ၆၀) ရိုက်ခဲ့ပါတယ်။
မီဒီယာအဖွဲ့အစည်း(၆)ခုက အစိုးရရဲ့အမိန့်ဟာ မီဒီယာတွေနှင့်ပြည်သူတွေ ရယူခံစားနေတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ဖြိုခွင်းတဲ့ ရည်ရွယ်ချက်ပဲ” လို့ ပူးတွဲသတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Source: Reuters