Published: 30 July 2021
ဖိလစ်ပိုင်သမ္မတ ရောဒရီဂို ဒူတာတီးဟာ အမေရိကန်တပ်တွေ ဖိလစ်ပိုင်မှာ ထားရှိဖို့ အရေးကြီးတဲ့ ပဋိညာဉ်တစ်ခုကို ပြန်လည်အသက်ဝင်စေလိုက်ပါတယ်။ ဝါရှင်တန်နှင့် မနီလာအကြား စိုးရိမ်ပူပန်မှုတွေ တိုးလာစေတဲ့ သူ့ရဲ့ယခင်ဆုံးဖြတ် ချက်ကို သူက ပြောင်းပြန်လှန်ပေးလိုက်တာဖြစ်ပါတယ်။
 
အဲဒီပဋိညာဉ်ကိုပြန်အသက်ဝင်စေလိုက်တဲ့အကြောင်းကို မနီလာမှာ ရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်တာပါ။
အဲဒီပဋိညာဉ်ဟာ တပ်များလည်ပတ်ရေးစာချုပ် The Visiting Forces Agreement: VFA ဖြစ်ပြီး အမေရိကန်တပ်သား ထောင်ပေါင်းများစွာဟာ စစ်ရေးလေ့ကျင့်ခန်းတွေဆောင်ရွက်ဖို့ ဖိလစ်ပိုင်ကို အလှည့်ကျအဝင်အထွက်ပြုလုပ်နိုင်တဲ့ စည်းမျဉ်းတွေပါရှိပါတယ်။အမေရိကန်နှင့် သူ့ရဲ့မဟာမိတ်တွေက တရုတ်နိုင်ငံကိုဖက်ပြိုင်နေတဲ့အချိန်မှာ အခုသဘောတူ အတွက်နောက်ထပ်အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။
 
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ကြာသပတေးနေ့က မနီလာမြို့တော်မှာတွေ့ဆုံပြီးတဲ့အခါ သမ္မတဒူတာတီးက သူ့ဆုံးဖြတ်ချက်ကို သူဘာ ကြောင့် ပြောင်းပြန်လှန်လိုက်တယ်ဆိုတာ သူသေသေချာချာမသိဘူးလို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လောရင့်ဇ်နာ ကပြောပါတယ်။
 
ဒူတာတီးရဲ့ဆုံးဖြတ်ချက်ဟာ မြေပြင်မှာတော့ အပြောင်းအလဲများများစားစားရှိမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒီပဋိညာဉ်က ဖျက်သိမ်းရသေးတာမဟုတ်ဘဲ နှစ်နိုင်ငံလုံးတည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေလို့ဖြစ်တယ် လို့ ရိုက်တာကရေးပါတယ်။
 
“ ဒီစာချုပ်က ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ သေချာမှုကိုဖြစ်စေတယ်။ကျွန်တော်တို့ ရေရှည်အစီအစဉ်တွေလုပ်နိုင်
တယ်။ လေ့ကျင့်ခန်းမျိုးစုံ လုပ်နိုင်တယ်” လို့ အော်စတင်က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့်အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာပြောကြားပါတယ်။
 
ဖိလစ်ပိုင်ဟာ အမေရိကန်သဘောတူစာချုပ်ရဲ့မဟာမိတ်နိုင်ငံဖြစ်ပြီး များစွာသော စစ်ရေးသဘောတူညီချက်တွေဟာ VFA အပေါ်မှာမူတည်နေပါတယ်။
ဒူတာတီးရဲမိတ်ဆွေဖြစ်တဲ့ ဖိလစ်ပိုင်ဆီနိတ်အမတ်တစ်ဦးကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခဲ့ပြီးနောက် သူက အခုပဋိညာဉ်ကို အဆုံးသတ်ပစ်မယ်လို့ သန္နိဋ္ဌာန်ချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူက စာချုပ် ကုန်ဆုံးမယ့်သက်တမ်းကိုတော့ ပြီးခဲ့တဲ့နှစ်အထိ ပုံမှန်တိုးပေးနေခဲ့ပါတယ်။
 
အမေရိကန်အတွက်ကတေ့ သူ့တပ်တွေ ဖိလစ်ပိုင်မှာ ဒီလိုလှည့်လည်ထားရှိရတာဟာ ဖိလစ်ပိုင်အတွက်သာမက သူ့ရဲ့ တရုတ်တန်ပြန်ဖို့အတွက်ပါ မဟာဗျူဟာမြောက်ကိစ္စဖြစ်ပါတယ်။
 
ဒါပေမယ့် ခန့်မှန်းရခက်တဲ့ ဒူတာတီးမို့ မေးခွန်းတွေအများကြီးပဲလို့လည်း ရိုက်တာကရေးပါတယ်။
တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ်တို့ဟာ ကာလရှည်ကြာအငြင်းပွားမှုတွေဖြစ်နေခဲ့တာပါ။
 
ဖိလစ်ပိုင်သမ္မတဒူတာတီးရဲ့ သမ္မတသက်တမ်းဟာ ၂၀၂၂မှာကုန်ဆုံးပါတော့မယ်။အခြေခံဥပဒေအရ သက်တမ်းနှစ်ကြိမ် ဆက်တိုက်ထမ်းဆောင်ပြီးလို့ သူဟာ ထပ်အရွေးခံလို့မရတော့ပါဘူး။ဒါပေမယ့် သူ့ပါတီက သူ့ကို ဒုတိယသမ္မတအဖြစ် ပြန်အရွေးခံဖို့ အားပေးထောက်ခံနေပါတယ်။
 
source: Reuters