#WorldHealth
Published - 02 February 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲဟာ ဟမ်းစတားကြွက်တွေကနေ တဆင့် ဟောင်ကောင်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။တိရိစ္ဆာန်တွေကနေ လူတွေဆီ ကို‌ဗစ်ရောဂါကူးစက်စေနိုင်တဲ့အထဲမှာ မြွေပါကတိုးတွေအပြင် အခုအခါ ဟမ်းစတားကြွက်တွေပါ ပါဝင်လာပြီဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အသစ်အရ ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဒယ်လ်တာမျိုးဗီဇကွဲဟာ လူသားတွေဆီကနေ ဟမ်းစတားကြွက်တွေထံသို့ ကူးစက်စေနိုင်ပြီး အဲဒီနောက် လူသားတွေထံသို့ ပြန်လည်ကူးစက်စေနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ၂၀၁၉ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ပျံ့ပွားလာခဲ့ပြီး ကမ္ဘာတဝန်းလုံးကူးစက်စေခဲ့ကာ ဗိုင်းရပ်စ်ကြောင့် လူသန်းပေါင်းများစွာ အသက်သေဆုံးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အစပြုရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေသေးပေမယ့် တိရိစ္ဆာန်တွေ အထူးသဖြင့် လင်းနို့တွေကနေ အစပြုတယ်လို့ အများအပြားယူဆထားကြပါတယ်။
The Lancet ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာချက်အရ ဟမ်းစတားကြွက်တွေဟာလည်း လူသားတွေထံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေတဲ့ တိရိစ္ဆာန်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဟမ်းစတားကြွက်တွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုတဲ့အချက်က အထူးအဆန်းတော့မဟုတ်ပါဘူး။လူသားတွေဆီကနေ ကိုရိုနာ‌ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြားတိရိစ္ဆာန်တွေလည်း ရှိနေပြီး ကြောင်၊ ခွေး၊ မြွေပါကတိုး၊ ကြွက်၊ သမင်၊ မျောက်ဝံ၊ ဝက်၊ ဖျံ တို့ပါဝင်ပါတယ်။

ဒါပေမဲ့ သတ္တဝါတစ်မျိုးနဲ့တစ်မျိုး ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်ပုံချင်း မတူကြပါဘူး။
ဥပမာအားဖြင့် ကြောင်တွေဆိုရင် ကူးစက်ခံရမှုမှ အလျင်အမြန်သက်သာလာတတ်ပါတယ်။
သမင်တွေဆိုရင် ရောဂါလက္ခဏာမပြပေမယ့် တစ်ကောင်ကနေ တစ်ကောင်ကူးစက်တတ်ပါတယ်။

ဝက်တွေဆိုရင် ရောဂါလက္ခဏာလုံးဝမပြတဲ့အပြင် နောက်ထပ်ကူးစက်မှုလည်း မဖြစ်စေတတ်ပါဘူး။ဒီလေ့လာချက်ရဲ့ ထူးခြားချက်က ဟမ်းစတားကြွက်တွေကနေ လူတွေဆီ ပြန်လည်ကူးစက်စေနိုင်တာပဲ ဖြစ်ပါတယ်။

လူတွေထံသို့ ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ကူးစက်စေတဲ့ နောက်ထပ်သတ္တဝါကတော့ မြွေပါကတိုးတွေဖြစ်ပြီး ဒိန်းမတ်ရှိ မွေးမြူရေးခြံတွေမှာ ကူးစက်မှုတွေဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်မှ လူနှစ်ယောက်ဟာ ဟမ်းစတားကြွက်တွေဆီကနေ ကိုရိုနာကူးစက်ထားပြီး အဲဒီကနေတဆင့် လူလူချင်းကူးစက်သူ တစ်ယောက်ကိုလည်းတွေ့ရှိထားကြောင်း အတည်ပြုထားပါတယ်။

Source: The Jerusalem Post